Pages

Pages

မှော်ဘီမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြ ကျေးရွာတွင် ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေစေရန်  ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် (Maung Lay Group Co.,ltd) မှ ဆောင်ရွက်သော ရာသီမရွေးကုန်ထုတ်သယ်ယူနိုင်သော ကျေးလက်ကုန်ထုတ်လမ်း (မြေသား- ဂဝံ) လုပ်ငန်းတို့အား မှော်ဘီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် VDP စီမံကိန်းဆောင်ရွက်သော ကွန်ကရစ်လမ်း အရှည်(၄၄၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မ ဆောင်ရွက်နေမှုများနှင့် တိုင်းဒေသကြီးရန်ပုံငွေကျပ် (၈၅)သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း (မြေသား- ဂဝံ) လုပ်ငန်း ဝ/၆ မိုင်နှင့် အကျယ်(၁၂) ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်း အရှည်(၄၄၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိပြီး ဆောင်ရွက်ရန်ကျန်ရှိသော ပေ(၅၀၀)ခန့်ကိုလည်း ကျေးရွာပြည်သူလူထုမှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သလို ယခုဘဏ္ဍာရေး နှစ်တွင်လည်း မှော်ဘီမြို့နယ်မှ  VDP ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာတွင်းလမ်းများ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကာ ကျေးလက်ကုန်ထုတ်လမ်းကိုလည်း ကျေးရွာ(၃)ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်စိုးထံမှ သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment