ဆောင်းနေကြာသီးနှံ လျာထားဧရိယာ ဧက ၁၂၀၀၀၀၀ ကျော် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆောင်းနေကြာသီးနှံ လျာထားဧရိယာ ဧက ၁၂၀၀၀၀၀ ကျော် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်


MNP ၊ စက်တင်ဘာ ၂

နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ စိုက်ဧရိယာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးရန် လမ်းညွှန်ချက်အရ မိုးနေကြာ ဧက ၂၇၀၀၀၀ ကျော် စိုက်ပျိုးရမည်ဖြစ်ကြောင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားခဲ့သည်။


ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။


ထို့ပြင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မိုးရာသီ နေကြာသီးနှံစိုက်ပျိုးရန် လက်ကျန်ကာလ (၁) လအတွင်း လျာထားဧကပြည့်မီရေးအတွက် တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ဆောင်းနေကြာသီးနှံ လျာထားဧရိယာ ဧက ၁၂၀၀၀၀၀ ကျော်ကိုလည်း သတ်မှတ်ရာသီချိန်အတွင်း အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးကို ယခုကတည်းက ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီအသီးသီးအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို အချိန်မီဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးစရိတ်၊ မျိုး၊ သွင်းအားစုများအတွက် အကြိုလုပ်ငန်းများ ပြင်ဆင်ထားရှိရေးနှင့် ဒေသအသီးသီးရှိ ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်တို့နှင့် ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ မိုးရာသီနေကြာသီးနှံ တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်နှင့် စိုက်ပျိုးပြီးစီးမှုကို လည်းကောင်း၊ ဆောင်းရာသီ စိုက်ပျိုးနိုင်ရေးအတွက် ဌာနပိုင်ခြံ၊ စိုက်ကွင်းများတွင် နေကြာမျိုးစေ့ ထုတ်လုပ်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေကြာမျိုးစေ့ထုတ်လုပ်နေမှုနှင့် မျိုးစေ့လိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို လည်းကောင်း၊ မိုးနေကြာမျိုးစေ့ထုတ် ဧကအတွက် ဓာတ်မြေဩဇာ ပံ့ပိုးပေးနိုင်မှုနှင့် ဆောင်းနေကြာအတွက် ဓာတ်မြေဩဇာ လိုအပ်ချက်များကို လည်းကောင်း၊ အခြားဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေဘဲ ဆောင်းနေကြာ စိုက်ပျိုးရေး လျာထားချက်ပြည့်မီရေး စီမံဆောင်ရွက်ထားချက်များ၊ ဆည်ရေသောက် မြစ်ရေတင်လုပ်ငန်း၊ မြေအောက်ရေလုပ်ငန်း စသည့် ရေရရှိရေး နည်းလမ်းအလိုက် ဆောင်းနေကြာ စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)