မြန်မာနိုင်ငံမှာ အနောက်အုပ်စုရဲ့ သြဇာခံ နိုင်ငံရေးအုပ်စုတွေ ရှိကြပါတယ်။ အာဏာလက်မဲ့ဖြစ်သွားတဲ့ အင်အားကြီးပါတီ NLD နဲ့ အပေါင်းအပါများဟာဆိုရင် အနောက်အုပ်စုရဲ့ သြဇာခံ၊ လက်ဝေခံအဖြစ် ထင်ရှားပါတယ်။ NLD အာဏာလက်မဲ့ဖြစ်ပြီး ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နိုင်ဖို့ အဓိက ကူညီပံ့ပိုးပေးခဲ့တာဟာလည်း NATO အုပ်စုလို့ ပြောနိုင်တဲ့ အမေရိကန်နဲ့ အပေါင်းအပါနိုင်ငံတွေပဲ ဖြစ်ပါတယ်။ NLD နဲ့ အပေါင်းအပါ နိုင်ငံရေးအင်အားစုများဟာ ဘယ်လောက်အထိ အနောက်အုပ်စုကို အားကိုးသလဲဆိုရင် သူတို့အာဏာပြန်လည် ရရှိဖို့အတွက် အမေရိကန်ကူညီပါ၊ NATO ကူညီပါ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တောင်းဆိုသည်အထိ အားကိုးကြပါတယ်။
အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းနေတဲ့ အဖွဲ့အစည်းဆိုရင်တော့ မလိုလားစရာ မရှိပါဘူး။ NATO ဟာ အုပ်စုဖွဲ့၊ အင်အားစုပြီး မိုက်ကြေးခွဲ ဗိုလ်ကျစိုးမိုးချင်တဲ့ ခေတ်သစ်ကိုလိုနီစနစ်ကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းဆိုရင်တော့ လက်ခံနိုင်စရာ မရှိပါဘူး။
ယူကရိန်းမှာဖြစ်ပေါ်ခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ပွဲနဲ့အတူ မီးလောင်ရာလေပင့် လုပ်ခဲ့တဲ့ NATO ရဲ့ လုပ်ရပ်တွေကိုလည်း ကြားသိခဲ့ကြရပြီး ဖြစ်ပါတယ်။ ယူကရိန်းကို စစ်တလင်းအဖြစ် ဖန်တီးပြီး ရုရှားကို ခြိမ်းခြောက်ခဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
မြန်မာပြည်က ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေကြောင့် ပြည်သူတွေကြားမှာလည်း အမေရိကန် အပါအဝင် အနောက်အုပ်စု ခေတ်သစ်ကိုလိုနီတွေကို အထင်ကြီးမှု၊ အားကိုးမှုတွေ မြင့်တက်လာခဲ့ကြပါတယ်။ သို့ပေသော် NATO အဖွဲ့ဝင်နိုင်ငံတွေမှာ ပြည်သူတွေဟာ NATO ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ကြတဲ့ ပြည်သူတွေ ရှိပါတယ်။ ၃-၉-၂၀၂၂ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ချက်နိုင်ငံက ပြည်သူများရဲ့ ဆန္ဒပြပွဲက NATO ကို မနှစ်မြို့ကြောင်း သိသာထင်ရှားစွာ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာ ပြည်သူ (၇၀၀၀၀) လောက် ဆန္ဒပြကန့်ကွက်ပွဲနဲ့ ပတ်သက်လို့ ရိုက်တာသတင်းမှာတော့
"ချက်နိုင်ငံအစိုးရ၊ EU နဲ့ NATO တို့ကို ဆန့်ကျင်တဲ့အနေနဲ့ ပရာ့ဂ်မြို့မှာ သောင်းနဲ့ချီ ဆန္ဒပြ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။
ခန့်မှန်းခြေ လူ ၇၀,၀၀၀ သည် ချက်အစိုးရကို ပရာ့ဂ်၌ ဆန္ဒပြခဲ့ကြပြီး အာဏာရညွန့်ပေါင်းအဖွဲ့အစိုးရအနေနဲ့ စွမ်းအင်ဈေးနှုန်းများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန်နှင့် ဥရောပသမဂ္ဂနှင့် နေတိုးတို့ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ကွန်မြူနစ်ပါတီ အပါအဝင် လက်ယာစွန်းရောက် နိုင်ငံရေးအုပ်စုများစွာမှ ဆန္ဒပြပွဲစီစဉ်သူများသည် ဥရောပအလယ်ပိုင်းနိုင်ငံသည် စစ်ဘက်ဆိုင်ရာတွင် ကြားနေသင့်ပြီး ရုရှားအပါအဝင် ဓာတ်ငွေ့ရောင်းချသူများနှင့် တိုက်ရိုက်စာချုပ်ချုပ်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။
ဆန္ဒပြသူ ၇၀၀၀၀ ဝန်းကျင်သည် ရုရှားနှင့် ဓာတ်ငွေ့သဘောတူညီချက်သစ် ဆောင်ရွက်ရန် ယူကရိန်းစစ်ပွဲအပေါ် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရန် တောင်းဆိုခဲ့ကြတာတွေ ရှိပါတယ်။
ဒီဆန္ဒပြပွဲကို လက်ဝဲ၊ လက်ယာ နိုင်ငံရေးအုပ်စုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ EU နဲ့ NATO ဟာ အနောက်နိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားပြီး ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပေါ်တဲ့အချိန်မှာ ရုရှားနိုင်ငံကို အကြပ်အတည်းတွေ့စေဖို့ ပိတ်စို့အရေးမှုတွေ လုပ်ခဲ့ကြသလို ရုရှားနိုင်ငံကနေ ဝယ်ယူသုံးစွဲနေတဲ့ ဓာတ်ငွေ့တွေကိုလည်း ဖြတ်တောက်ပစ်ဖို့ ကြိုးပမ်းလာကြပါတယ်။ တစ်ဖက်မှာ ယူကရိန်း ကို လက်နက်၊ ငွေကြေး ကူညီမှုတွေ လုပ်ဆောင်လာခဲ့ကြတဲ့အပြင် ကြေးစားစစ်သားတွေ စေလွှတ်ပြီး တိုက်ခိုက်ခိုင်းတာမျိုးလည်း မြင်တွေ့ခဲ့ရပါတယ်။
ရုရှား-ယူကရိန်း တွေ့ဆုံဆွေးနွေးမှုတွေမှာ ယူကရိန်အနေနဲ့ မိမိတို့ရဲ့ ကြားနေဝါဒနိုင်ငံခြားရေးမူအတိုင်း သွားဖို့ အဓိက ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ စစ်ပွဲမဖြစ်မီကတည်းက ရုရှားဘက်က ဒါကိုပဲ အစဉ်တစိုက်ပြောနေခဲ့တာပါ။ ယူကရိန်းအစိုးရက အနောက်အုပ်စုကို အားကိုးချင်တယ်။ EU ထဲ ဝင်ချင်တယ်။ တစ်ဖက်မှာ ရုရှားအနေနဲ့ကလည်း မိမိတို့ရဲ့ အချုပ်အခြာအာဏာကို အစဉ်သဖြင့် ခြိမ်းခြောက်နေတဲ့ အမေရိကန်နဲ့ EU ရဲ့ အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျလိုမှုကို အလေးထားစောင့်ကြည့်နေရတာ ဖြစ်တဲ့အတွက် ယူကရိန်းနဲ့ ဆွေးနွေးမှု အဆင်မပြေတဲ့အတွက်ကြောင့် စစ်ရေးအရ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။
ရုရှားကို အကြပ်အတည်းတွေ့စေလိုတဲ့ ရည်ရွယ်ချက်နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားအပေါ် အရေးယူပိတ်စို့မှုတွေ လုပ်သလို လောင်စာဆီ၊ ဓာတ်ငွေ ဝယ်ယူမှုတွေကိုလည်း ရပ်စိုင်းခဲ့ပါတယ်။ EU ခေါင်းဆောင်များရဲ့ ဆောင်ရွက်ချက်ဟာ ရုရှားကို အထိုက်အလျောက် အကြပ်တွေ့မှာတော့ အမှန်ပါပဲ။ ပိုပြီး အကြပ်တွေ့ခဲ့ရတာကတော့ EU အဖွဲ့ဝင် နိုင်ငံတွေက ပြည်သူတွေမှာ လောင်စာဆီဈေးနှုန်းကြီးမြင့်မှုတွေ ကြုံတွေ့လာရသလို အလုပ်အကိုင် အခက်အခဲတွေလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ အစိုးရ ဆိုတာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။ အဆင်ပြေ ချောမွေ့နေတဲ့ လူမှုဘဝတွေကို ခက်ခဲကြပ်တည်းအောင် လုပ်လာပြီဆိုရင် အဲဒီအစိုးရအပေါ် ပြည်သူတွေက အမြင်မကြည်တော့ပါဘူး။ ချက်ပြည်သူတွေက EU က နှုတ်ထွက်ဖို့ ပြောခဲ့သလို အင်္ဂလန်နိုင်ငံမှာလည်း EU က နှုတ်ထွက်ဖို့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တာကို အမှတ်ရနေကြပါလိမ့်မယ်။
ချက်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ NATO, EU ဆန့်ကျင်ရေး၊ ရုရှားနှင့် ဓာတ်ငွေ့သဘောတူညီချက်အသစ်များ ဆောင်ရွက်ရေး တောင်းဆိုမှုတွေဟာ နေ့စဉ်လူမှုဘဝ အခက်အကြပ်အတည်းတွေကို ထင်ဟပ်ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေကို ဦးဆောင်နေတဲ့ အစိုးရများဟာ တရုတ်၊ ရုရှားတို့ရဲ့ အင်အားကြီးထွားလာမှုကို မလိုလားကြဘူး။ နည်းမျိုးစုံနဲ့ ဒုက္ခပေးဖို့ ကြံစည်နေကြတယ်။ သို့ပေသော်လည်း တကယ်အခက်တွေ့ရတာကတော့ သူတို့တိုင်းပြည်က ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝတွေ ကြပ်တည်းလာခြင်းပဲ ဖြစ်ပါတယ်။
သြဇာခံအစိုးရတွေ မွေးပြီး ခေတ်သစ်ကိုလိုနီနယ်ချဲ့စနစ်ကို ဖော်ဆောင်နေတဲ့ အမေရိကန်နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့ လိုလားတဲ့ အစိုးရ၊ သူတို့သြဇာခံအစိုးရ မရှိတဲ့ နိုင်ငံတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်ကြပါတယ်။ ယနေ့ မြန်မာပြည်မှာ အင်အားကြီး နိုင်ငံရေးအင်အားစုကို ချုပ်ကိုင်ထားသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကိုလည်း သိမ်းသွင်းထားနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ သူတို့ လိုလားတဲ့ အုပ်စုကို လက်နက်၊ ငွေကြေးထောက်ပံ့ပေးပြီး ပြည်သူအချင်းချင်း ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြတဲ့ တရားခံအစစ်တွေပါပဲ။ အဲဒီလို ယုတ်မာကောက်ကျစ် ရိုင်းစိုင်းတဲ့ တိုင်းပြည်တွေရဲ့ အနာဂတ် မှာ ဘာတွေဖြစ်လာမလဲ။ အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးရေးစနစ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေအပေါ် တန်ပြန်သက်ရောက်လာမယ့် ရလာဒ်တွေကတော့ ချက်နိုင်ငံမှာလိုပဲ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ အခက်အခဲတွေအပေါ် သည်းမခံနိုင်ကြတော့ဘဲ ပြည်သူတွေ လမ်းပေါ်ထွက်ကြအုံးမှာပဲ ဖြစ်ပါတယ်။ အခြားသော တိုင်းပြည်တွေမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြသူတွေ ဦးဆောင်တဲ့တိုင်းပြည်တွေမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာရင်တော့ ဘယ်သူကမှ သွားရောက်ဖန်တီးခြင်းမျိုး မဟုတ်ဘဲ သူတို့ကိုယ်တိုင် ဖန်တီးခဲ့ခြင်းရဲ့ တန်ပြန်သက်ရောက်မှု ရလာဒ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment