အချိုးကျ ကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်း သိကောင်းစရာ စကားဝိုင်း ဆွေးနွေးပွဲ (အပိုင်း - ၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အချိုးကျ ကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်း သိကောင်းစရာ စကားဝိုင်း ဆွေးနွေးပွဲ (အပိုင်း - ၁)



ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေး စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ် ဖြစ်ပါသည်။ အစီအစဉ်တွင် ပါဝင်ဆွေးနွေးရန် ဖိတ်ကြားထားသူမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါသည်။


အစီအစဉ် တင်ဆက်သူအဖြစ် ဦးကျော်ဆွေအောင်နှင့် ဒေါ်ဖြိုးထက်ထက်အောင်တို့ က ဆောင်ရွက် ထားပါသည်။


အစီအစဉ်တင်ဆက်သူ။ ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သမ္မတ ရွေးကောက်ပွဲတွေ၊ ဥပဒေပြုရေး ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲတွေ၊ မြူနီစီပယ် ရွေးကောက်ပွဲတွေ၊ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲတွေကို ကျင်းပရာမှာ မိမိနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံ၊ နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းကြောင်း အခြေအနေတို့အပေါ် မူတည်ပြီး ရွေးကောက်ပွဲ စနစ်တွေကို ရွေးချယ်ကျင့်သုံးကြောင်း သိရှိရပါတယ်။


ရွေးကောက်ပွဲစနစ် တစ်မျိုးတည်း ကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်ကို ရွေးကောက်ပွဲ စနစ်တစ်မျိုးစီ ခွဲခြားကျင့်သုံးခြင်း၊ လွှတ်တော် တစ်ရပ်တည်းမှာ ကိုယ်စားလှယ် အရေအတွက် ခွဲခြားပြီး ရွေးကောက်ပွဲ စနစ်နှစ်မျိုး ပေါင်းစပ်ကျင့်သုံးခြင်း၊ ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲ စနစ်တွေကို ပြန်လည်သုံးသပ်ပြီး ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်း စတဲ့ မိမိနိုင်ငံ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ရွေးကောက်ပွဲ စနစ်တွေကို ကျင့်သုံး ဆောင်ရွက်လေ့ ရှိကြောင်း လေ့လာတွေ့ရှိရတဲ့ အတွက် ကမ္ဘာ့နိုင်ငံများမှာ ကျင့်သုံးတဲ့ ရွေးကောက်ပွဲစနစ်များနဲ့ နိုင်ငံအရေအတွက် မည်မျှရှိကြောင်း ပထမဦးစွာ ရှင်းပြပေးပါ ခင်ဗျား။




ဦးခင်မောင်ဦး  ။ ။ ရွေးကောက်ပွဲ စနစ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် အုပ်စု ၄ စုရှိပါတယ်။ ဗဟုအများစု ကိုယ်စားပြု စနစ်အုပ်စု Plurality / Majority System၊ အချိုးကျ ကိုယ်စားပြုစနစ် အုပ်စု Proportional Represen-tation System၊ ရောနှောထားသော အချိုးကျ ကိုယ်စားပြုစနစ် Mixed Member Proportional Representation နဲ့ အခြားစနစ်အုပ်စု Others System တို့ဖြစ်ကြောင်း လေ့လာ သိရှိရပါတယ်။


ဗဟုအများစု ကိုယ်စားပြုစနစ် အုပ်စုမှာ မဲအများဆုံးရသူ အနိုင်ရစနစ် (First Past The Post –FPTP)၊ နှစ်ကျော့ပြန်စနစ် (Two Round System-TRS)၊ ကြိုက်နှစ်သက်မှု ဦးစားပေးစနစ် (Alternative Vote – AV)၊ ကိုယ်စားလှယ် ဗဟိုပြုစနစ် (Block Vote – BV)၊ ပါတီ ဗဟိုပြုစနစ် (Party Block Vote – PBV) တို့ ပါဝင်ကြောင်း သိရှိရပါတယ်။


အချိုးကျ ကိုယ်စားပြု စနစ်အုပ်စုမှာ စာရင်း အလိုက်အချိုးကျကိုယ်စားပြုစနစ် (List PR)နဲ့ လွှဲပြောင်း၍ရသော တစ်မဲတည်း မဲပေးစနစ် (Single Transferable Vote- STV) တို့ ပါဝင်ကြောင်း သိရှိရပါတယ်။


ရောနှောထားသော အချိုးကျ ကိုယ်စားပြုစနစ် အုပ်စုမှာ ရောနှောထားသော အချိုးကျ ကိုယ်စားပြု စနစ် (Mixed Member Proportional Represen-tation – MMP)နဲ့ ပူးတွဲ ယှဉ်ပြိုင်စနစ် (Parallel System )တို့ ဖြစ်ကြောင်း သိရှိရပါတယ်။


အခြားစနစ် အုပ်စုမှာတော့ လွှဲပြောင်း၍ မရသော တစ်မဲတည်း မဲပေးစနစ် (Single Non Transferable Vote – SNTV)၊ ကန့်သတ်မဲပေး စနစ် (Limited Vote – LV)နဲ့ ဦးစားပေး အချိုးကျစနစ် (Borda Count- BC)တို့ ပါဝင်ပြီး နိုင်ငံအနည်းငယ်မှာ ကျင့်သုံးကြောင်း သိရှိရပါတယ်။


ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ဗဟုအများစု စနစ်ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၇၄ နိုင်ငံ၊ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၁၁၁ နိုင်ငံနှင့် အခြားစနစ်များ ကျင့်သုံးတဲ့ နိုင်ငံ ၈ နိုင်ငံရှိကြောင်း သိရှိရပါတယ်။




အစီအစဉ်တင်ဆက်သူ။ ။ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ရော ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ တွေမှာ ဘယ်လို ရွေးကောက်ပွဲစနစ် ကျင့်သုံးခဲ့သလဲ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ အပေါ်မှာ ဆရာ့အမြင်နဲ့ သုံးသပ်ပေးပါ ခင်ဗျား။


ဦးခင်မောင်ဦး။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကျင်းပတဲ့ ပါလီမန်ခေတ် ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲအများဆုံးရသူ အနိုင်ရတဲ့စနစ် (First Past The Post-FPTP) စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ FPTP စနစ်ရဲ့ သဘောကတော့ မဲဆန္ဒနယ်တစ်ခုမှာ ဆန္ဒမဲ အများဆုံးရရှိသူ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက် တင်မြှောက်တဲ့ စနစ်ဖြစ်တဲ့ အတွက် အနိုင်မရတဲ့ ကိုယ်စားလှယ်လောင်းများ ရတဲ့ မဲတွေ အလဟဿ၊ အဟောသိကံ ဖြစ်ခြင်းနဲ့ ၎င်းတို့ကို ဆန္ဒမဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှု ပျောက်ဆုံးတဲ့သဘောကို တွေ့ရှိရပါတယ်။


ဒါ့အပြင် အနိုင်ရပါတီတစ်ခု ရရှိသောမဲနဲ့ ရရှိတဲ့ ကိုယ်စားလှယ်နေရာမှာ အချိုးအစား ကွာဟမှု များစွာ ရှိနေတာကို တွေ့ရှိရပါတယ်။ FPTP စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ပြည့် နှစ် အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေပေးတဲ့ မဲစုစုပေါင်းရဲ့ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရရှိတဲ့ ပါတီဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၇၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အလားတူ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒရှင်တွေပေးတဲ့ မဲစုစုပေါင်းရဲ့ ၅၇ ဒသမ ၂ ရာခိုင်နှုန်း ရရှိတဲ့ ပါတီဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်း ရရှိခဲ့သည်ကို တွေ့ရှိရတဲ့အပြင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပါတီ ပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်မှာ နေရာရရှိခဲ့ ပါတယ်။


လက်ရှိ ကျင့်သုံးနေတဲ့ FPTP စနစ်မှာ မဲဆန္ဒရှင်တွေ ပေးလိုက်တဲ့ မဲတွေဟာ ဝင်ရောက်ယှဉ်ပြိုင် တဲ့ ကိုယ်စားလှယ်လောင်း အားလုံးထံသို့ ပျံ့နှံ့ရောက်ရှိသွားပေမယ့် မဲအများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကသာ အနိုင်ရရှိခြင်း ဖြစ်ပါတယ်။ အဆိုပါ ကိုယ်စားလှယ် လောင်းဟာ ၎င်းကို မဲမပေးခဲ့သူတွေ အပါအဝင်ဖြစ်တဲ့ မဲဆန္ဒရှင် အားလုံး ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသလို ဖြစ်ပြီး အခြားကိုယ်စားလှယ်များ ရရှိခဲ့တဲ့မဲတွေက အလဟဿဖြစ်သွားတာ တွေ့ရပါတယ်။ ဒီစနစ်အရ ဆောင်ရွက်ရာမှာ အချို့မဲဆန္ဒနယ်တွေ ဆိုရင် ပါတီ တစ်ခုမှ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆန္ဒရှင် အများစုရဲ့ ထောက်ခံမှုမရရှိခဲ့ပေမယ့် မဲအနည်းငယ် အသာဖြင့် အနိုင်ရရရှိသွားတဲ့သဘောကို တွေ့ရှိခဲ့ရပါတယ်။ ဥပမာအနေနဲ့ FPTP စနစ်ရဲ့ ဆန္ဒမဲရရှိမှု နမူနာပုံစံများကို ပြသလိုပါတယ်။


ဒီနမူနာတွေကို ကြည့်ခြင်းအားဖြင့် ၅၀ ရာခိုင် နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းအောက်သာ ရရှိတဲ့ ကိုယ်စား လှယ်လောင်းများက မဲဆန္ဒနယ်တစ်ခုလုံးရဲ့ ကိုယ်စားပြုမှု ရရှိတာဖြစ်လို့ အလဟဿ အဟောသိကံဖြစ် သွားတဲ့ ဆန္ဒမဲများစွာ ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ Total အချုပ်ဇယားကို ကြည့်ရင်လည်း ဆန္ဒမဲအားလုံးရဲ့ ၅၇ ရာခိုင်နှုန်းကသာ တန်ဖိုးနဲ့ သက်ရောက်မှု ရှိပြီး ကျန် ၄၃ ရာခိုင်နှုန်း တန်ဖိုးနဲ့ သက်ရောက်မှု လုံးဝမရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် FPTP စနစ်နဲ့ ကျင်းပတဲ့ ရွေးကောက် ပွဲတွေမှာ အနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တိုင်းဟာ မှန်ကန်မျှတတဲ့ ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ပါရဲ့လားလို့ မေးခွန်းထုတ်စရာ တွေ့ရှိရပါတယ်။




အစီအစဉ်တင်ဆက်သူ။ ။ FPTP စနစ်မှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံ ဆန္ဒမဲတွေဟာ မျှတတဲ့ ကိုယ်စားပြုမှု မရနိုင်တာကို တွေ့ရတဲ့အတွက် ကမ္ဘာ့နိုင်ငံ အများစုမှာ ကျင့်သုံးနေတဲ့ အချိုးကျ ကိုယ်စားပြုစနစ် အကြောင်းကိုလည်း မဲဆန္ဒရှင်များ သိရှိသွားအောင် ရှင်းပြပေးပါခင်ဗျား။


ဦးခင်မောင်ဦး ။ ။ အချိုးကျ ကိုယ်စားပြုစနစ် ဆိုတာ တစ်ဦးထက်ပိုတဲ့ ကိုယ်စားလှယ်တွေ ရွေးဖို့အတွက် မဲဆန္ဒနယ်ကို ဧရိယာ ကျယ်ပြန့်စွာ သတ်မှတ်တယ်။ အဲဒီ မဲဆန္ဒနယ်ကနေ ရွေးကောက် တင်မြှောက်ရမယ့် ကိုယ်စားလှယ် ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်း အလိုက် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများရရှိတဲ့ ဆန္ဒမဲအရေ အတွက်အပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် နေရာတွေကို အချိုးကျခွဲဝေ ရရှိနိုင်တဲ့ ရွေးကောက်ပွဲစနစ် တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ရရှိတဲ့ ဆန္ဒမဲအပေါ်မူတည်ပြီး ရွေးကောက် တင်မြှောက်ခံရနိုင် ပါတယ်။


မဲဆန္ဒရှင်တွေ အနေနဲ့ သူတို့ပေးလိုက်တဲ့ မဲတွေဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင် ကြောင်း ယုံကြည်ပြီး စိတ်အားထက်သန်စွာ မဲပေးခြင်းကြောင့် မဲပေးနှုန်း (Voter turnout) ကိုလည်း မြင့်မားစေပါတယ်။ PR စနစ်အသုံးပြုတဲ့အတွက် အဟောသိကံ၊ အလဟဿဖြစ်တဲ့ မဲအရေအတွက် နည်းပါးသွားမှာ ဖြစ်ပါတယ်။ PR စနစ်ကြောင့်ပါတီတွေ ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ခြင်း၊ တိုင်းရင်းသား ပါတီများ၊ ပါတီငယ်များနဲ့ လူနည်းစုများ ပိုမို ရွေးကောက်ခံရ နိုင်ခြင်းတို့ကြောင့် အများစုပါဝင်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာနိုင် ပါတယ်။ ဥပဒေပြု အဖွဲ့များမှာလည်း ပါတီများက ကိုယ်စားလှယ်များ ပိုမိုပါဝင်လာခွင့် ရရှိလာမှာ ဖြစ်တယ်။


အချိုးကျ ကိုယ်စားပြုစနစ် များစွာရှိတဲ့အနက် လေ့လာတွေ့ရှိချက်များအရ အဓိကပုံစံ ၂ မျိုးကို တွေ့ရှိရပါတယ်။ ပါတီအမည်ကို မူတည်ပြီး အချိုးကျ ရွေးချယ်သည့်စနစ် (Party List PR System-LPR) နဲ့ လွှဲပြောင်း၍ရသော တစ်မဲတည်း ပေးစနစ် (Single Transferable Vote-STV)တို့ ဖြစ်ပါတယ်။


(ဆက်လက်ဖော်ပြပါမည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)