MNP - အောက်တိုဘာ ၇
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင် ဦးဆောင်သည့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်စိုး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးကျော်နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ကွင်းလျားကျေးရွာအုပ်စု၊ ပေါက်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စီမံကိန်းဝင် နေကြာသီးနှံနှင့် အခြားပဲမျိုးစုံအား လျာထားချက်ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုးရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ ၃ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
နိုင်ငံတွင်း စားသုံးဆီဖူလုံမှုရရှိစေရေးအတွက် ဆောင်းသီးနှံနေကြာအား သီးသန့်၊ သီးညှပ် စိုက်ပျိုးရေးနှင့် တိုးချဲ့စိုက်ပျိုးရေးတို့ကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ဆွေးနွေးခဲ့ပြီး တောင်သူများက မျိုးစေ့ရရှိနိုင် မည့် အခြေအနေ၊ စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှားအန္တရာယ် ကျရောက်ခဲ့ပါက ဆောင်ရွက်ရမည့် နည်းစနစ်များနှင့် ပတ်သက်၍ မေးမြန်းရာစိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးကျော်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment