ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ


MNP ၊ အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့် တရားခံအား လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ချိတ်ဆက် ပူးပေါင်းဖော်ထုတ်မှုဖြင့် (၂)ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးအား ဝဲရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာခြေသလုံး ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စက်မှုနယ်မြေရဲစခန်း၌ (ပ)၂၅၅/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့်အမှုရေးဖွင့်ကာ တရားခံ ဖမ်းဆီးရမိနိုင်ရေးနှင့် သေဆုံးသူအား အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့သည်။


သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်းအတည်ပြုခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်နေ ဦးပြည့်စုံထွန်း (၃၀)နှစ် အငှားယာဉ်မောင်းနှင်သူဖြစ်ပြီး ယင်းနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ချမ်းအေးသာစံ မြို့နယ်၊ ၂၆ လမ်းနှင့် ၅၄ လမ်းကြားရှိ “ရွှေသိင်္ဂီ”တည်းခိုခန်းတွင် တည်းခိုနေသူတစ်ဦးမှ မြို့တွင်း ဘုရားဖူးရန် ကားငှားသဖြင့် ၎င်းမောင်းနှင်သည့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးရာမှ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ၎င်းမောင်းနှင်ခဲ့သည့် မော်တော်ယာဉ်မှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း ကနဦး ဖော်ထုတ်သိရှိရသည်။


ထို့နောက် တရားခံ ဖမ်းဆီးရမိနိုင်ရေးနှင့် မော်တော်ယာဉ်အား ပြန်လည်သိမ်းဆည်း ရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက “ရွှေသိင်္ဂီ”တည်းခိုခန်းသို့ သွားရောက်စုံစမ်းခဲ့ရာ ၎င်းတည်းခိုခန်း၌ တည်းခိုနေထိုင်သည့် ကျော်သီဟ ဆိုသူမှ ၎င်း၏မိသားစုနှင့်အတူ ယင်းနေ့ည ၆ နာရီအချိန်တွင် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်အား မောင်းနှင်၍ တည်းခိုခန်းသို့ ပြန်လည်ရောက်ရှိလာကာ အခန်းခများ ရှင်းပြီး ထွက်ခွာသွားခဲ့ကြောင်း သိရှိရသဖြင့် မြို့ဝင်/ထွက် ဂိတ်များရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကွင်းဆက်မပြတ် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ အဆိုပါ မော်တော်ယာဉ်မှာ ကျောက်ဆည်၊ သာစည်နှင့် အေးသာယာမြို့နယ်တို့မှ တစ်ဆင့် တောင်ကြီးမြို့ ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။


အောက်တိုဘာလ ၃ ရက် ညနေ ၅ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ ကားရေဆေးဆိုင် အတွင်း၌ အဆိုပါ MDY CC-4268 TOYOTA MARK II ယာဉ်အား တွေ့ရှိရပြီး စီးနင်းလာသူများမှာ အနောက် မြို့ပတ်လမ်းပေါ်ရှိ “လစ်ဗင်းကာလာ”တည်းခိုခန်း အခန်းအမှတ်(၂၀၂)၌ တည်းခိုနေကြောင်း စုံစမ်း သိရှိရသဖြင့် တည်းခိုခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ် (၂၀၂)၌ ကျော်သီဟ(ခ) တရုတ်ကြီး၏ဇနီးဖြစ်သူ မဝေဝေနွယ်နှင့် သားဖြစ်သူတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ကျော်သီဟ(ခ) တရုတ်ကြီးအား ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါတည်းခိုခန်း အပေါ်ထပ် ရေတိုင်ကီအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။


တရားခံ ကျော်သီဟ(ခ)တရုတ်ကြီး၏ ထွက်ဆိုချက်အရ ၎င်းသည် အလုပ်အကိုင် မရှိဘဲ မိသားစုနှင့်အတူ “ရွှေသိင်္ဂီ” တည်းခိုခန်း၌ စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ တည်းခိုနေထိုင်ကာ သုံးစွဲရန်ငွေမရှိသဖြင့် ငွေရရှိရန် မော်တော်ယာဉ် တစ်စီးအား ငှားရမ်းအသုံးပြု၍ မော်တော်ယာဉ်အား ယာဉ်မောင်းအလစ် မောင်းနှင်ထွက်ပြေး ယူဆောင်ရောင်းချရန် စီစဉ်ကာ ယခင်ကသိကျွမ်းခဲ့သည့် အိုးဝေမောင်းနှင်သူမှ တစ်ဆင့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်အား မြို့တွင်း ဘုရားဖူးသွားရန် ငှားရမ်းခဲ့ကြောင်း၊ နေ့လယ် ၁ နာရီခန့်တွင် မော်တော်ယာဉ်အား ရန်ကင်းတောင် အရှေ့ဘက်ခြမ်း လမ်းကြားသို့ မောင်းနှင်စေခဲ့ပြီး အဆိုပါလမ်းကြား အရောက်၌ ၎င်း၏မိဘများ လာမည်ဖြစ်၍ စောင့်ဆိုင်းပေးရန် ယာဉ်မောင်းအား လိမ်လည်ပြောဆိုပြီး ဇနီးနှင့်သားဖြစ်သူတို့အား ယာဉ်အောက်၌ စောင့်နေစေကာ ၎င်းမှ ယာဉ်၏အနောက်ခန်းတွင် ထိုင်၍ ယာဉ်မောင်းအလစ် အငိုက်အား စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ပေါ်မှ မဆင်းသဖြင့် ညနေ ၅ နာရီ ခန့်တွင် ၎င်းမှ ယာဉ်မောင်းအား အသင့်ယူဆောင်လာသည့် ဓားဖြင့် ထိုးကာ အလောင်းအား ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်စဉ်က အသုံးပြုသည့် သက်သေခံဓားအား ကျောက်ဆည်မြို့အထွက် လမ်းဘေး ခြုံတစ်ခုအတွင်းသို့ လွှင့်ပစ်ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့နောက် တောင်ကြီးမြို့သို့ လုယက်ယူဆောင် ခဲ့သည့် TOYOTA MARK II ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး “လစ်ဗင်းကာလာ”တည်းခိုခန်း၌ တည်းခို နေထိုင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖြစ်စဉ်တွင် အငှားယာဉ်မောင်းအား သတ်ဖြတ်၍ ယာဉ်အား လုယက်ခဲ့သည့် တရားခံ ကျော်သီဟ(ခ)တရုတ်ကြီး (၂၅)နှစ် (ဘ) ဦးသန်းဝင်းဦးအား ၎င်းလုယက်ယူဆောင်ခဲ့သည့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်တစ်စီး၊ ယာဉ်နှင့်ပတ်သက်သည့်  စာရွက်စာတမ်းများ၊ ဦးပြည့်စုံထွန်း၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ ယာဉ်မောင်းလိုင်စင်နှင့် အဝတ်အထည်များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)