ဘွဲ့တံဆိပ်(၃)ခုရ သီလရှင်ဆရာကြီးအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဓမ္မာရုံရေစက်ချပွဲ ဟိုပန်၌ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘွဲ့တံဆိပ်(၃)ခုရ သီလရှင်ဆရာကြီးအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဓမ္မာရုံရေစက်ချပွဲ ဟိုပန်၌ပြုလုပ်

 



MNP - အောက်တိုဘာ  ၂၁


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ သီရိမင်္ဂလာပရိယတ္တိသီလရှင်စာသင်တိုက်၏ ပဓာနနာယကဆရာကြီးဒေါ်ပဒုမ္မာရီအား နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ ဘွဲ့တံဆိပ်တော်သုံးခုကို ချီးကျူးဂုဏ်ပြုပူဇော်ပွဲနှင့် နှစ်ထပ်ဓမ္မာရုံတော်ကြီးအား ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က အဆိုပါ သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


ပထမဦးစွာ ဓမ္မာရုံတော်ကြီးအား လားရှိုးမြို့၊ ပန်အုပ်ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက မြို့နယ်သံဃံနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ သာသနဓဇသီရိပဝရဓမ္မာစရိယ ဘဒ္ဒန္တဇိနောရသာလင်္ကာရဆရာတော်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်‌ပေးခဲ့သည်။


ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မဟာမြိုင်ကျောင်းတိုက် ဦးစီးပဓာနနာယက သာသနဓဇသီရိပဝရဓမ္မာစရိယ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ရတနာ့ဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တသာသနထံမှ    ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားတော်မူသော ပရိတ်တရားတော်များကို ကြည်ညိုနာယူခဲ့ကြသည်။


ထို့နောက် သီလရှင်ဆရာကြီး ဒေါ်ပဒုမ္မာရီ၏ အထ္ထုပ္ပတ္တိအကျဉ်းကို ဆရာလေးမဧလာသီက ဖတ်ကြားလျှောက်ထားခြင်း၊ အောင်ခြင်းမင်္ဂလာ ဂုဏ်ပြုတေးသံသာ(၈၀)ပေါ်တေးထပ်ဖြင့် သီကျူးပူဇော်ခြင်း၊ သီရိမင်္ဂလာဝတ်အသင်းသူအသင်းသားများက ရှစ်လုံးဘွဲ့ကဗျာဖြင့် သီကျူးပူဇော်ခြင်း၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ ဘွဲ့တံဆိပ်တော်သုံးခုနှင့် အောင်လက်မှတ်ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို တာဝန်ရှိသူများက ဆရာကြီးဒေါ်ပဒုမ္မာရီထံ ဆက်ကပ်လှူဒါန်းခြင်း၊ (ရတနာထွန်း) အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားစု (လားရှိုး)က Land Cruser မော်တော်ယာဉ်(၁)စီး ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။


ယင်းနောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခြင်း တို့ကို ဆောင်ရွက်ပြီး မဟာမြိုင်ကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားပြီးသည့်နောက် ဆရာတော်သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း(၁၂၀)ပါး တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)