ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


MNP ၊ အောက်တိုဘာ ၂၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ အစိုးရရုံးပိတ်ရက်ကာလများအတွင်း ပြည်တွင်း/ ပြည်ပခရီးသွားများ ခရီးစဉ်ဒေသ များသို့ သွားရောက်လည်ပတ်ရေးနှင့် စပ်လျဉ်း၍ အထူးသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ Hybrid စနစ်ဖြင့် တက်ရောက်သည်။


အစည်းအဝေးသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများက အွန်လိုင်းမှတက်ရောက်ကြသည်။


အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုပွင့်လင်းရာသီတွင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ စဉ်ဆက်မပြတ် ကျရောက်လျက်ရှိရာ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ လွယ်ကူ အဆင်ပြေစွာ သွားရောက်လည်ပတ်နိုင်ရေးအတွက် ဒေသအလိုက် အဆင်ပြေစွာသွားလာနိုင်ရေး တည်းခို နေထိုင်စားသောက်ရေးအပိုင်းများတွင် အဖက်ဖက်အဆင်ပြေအောင် ဂရုပြုစီစဉ်ကြရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ခရီးစဉ်ဒေသများတွင် ခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာခြင်းဖြင့် ဒေသခံတို့၏  လူမှုဘဝစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်စေသည့်အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ခရီးစဉ်ဒေသများတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရုံးခွဲတာဝန်ခံများက ခရီးစဉ်ဒေသများအလိုက် အစိုးရရုံးပိတ်ရက်ကာလများအတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ခရီးသွား ဆွဲဆောင်ရာ နေရာများသို့ သွားလာလည်ပတ်မှုအခြေအနေများ၊ တည်းခိုနေထိုင်မှု အခြေအနေများနှင့်ပြည်တွင်းခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန နီလာခန်းမ၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Myanmar Airways International (MAI) မှ Chief Commercial Officer ဖြစ်သူ Mr. Tanes Kumar နှင့်အဖွဲ့ကို အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့သည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျနှင့် အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတကာလေကြောင်း လိုင်းများပြန်လည် ပျံသန်းပြေးဆွဲခွင့်ပြုခဲ့ပြီး လေကြောင်း လိုင်းများအနေဖြင့် ခရီးသွားမြှင့်တင်ရေးအတွက် ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ယခုအခါ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များနှင့် လုပ်ငန်းရှင်များ လာရောက်နိုင်ရန် နိုင်ငံတော်မှအခွင့်အလမ်း များ ဖော်ဆောင်ပေးလျက်ရှိရာ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို မြှင့်တင်နိုင်ရန်အတွက် Ural Airline Inflight မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း MAI အနေဖြင့်လည်း လေကြောင်းပို့ဆောင်ရေးအပိုင်းမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ Myanmar Airways International (MAI) မှ Chief Commercial Officer ဖြစ်သူ Mr. Tanes Kumar က MAI လေကြောင်းလိုင်းမှ စီစဉ်ဆောင်ရွက်သွားမည့် ခရီးသွား မြှင့်တင်ရေးဆိုင်ရာအစီအမံများ၊ ဒေသတွင်းနိုင်ငံများနှင့် ခရီးစဉ်များတိုးချဲ့ပျံသန်းမည့် အစီ အစဉ်များ၊ လတ်တလောပြေးဆွဲဆောင်ရွက်နေသည့် ခရီးစဉ်ဒေသများနှင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လိုသည့် အချက်အလက်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)