MNP ၊ အောက်တိုဘာ ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၅/၆)အနီးတွင် ကျိုက်ထိုဘက်မှ မြဝတီဘက်သို့ သိန်းကို မောင်းနှင်ပြီး ရန်နိုင်ထွန်း လိုက်ပါလာသည့် Canter ၆ ဘီး မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ်၊ စိန်ပန်းကျေးရွာတွင် ပါကျဲ(ခ)စိုးလင်းထွန်း အား မြန်မာငွေကျပ် သိန်း ၈၀၊ IPSUM မော်တော်ယာဉ် ၁ စီး နှင့်လည်းကောင်း၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် ကိုစိုင်း(ခ)စောဇာနည်မောင် နှင့် မျိုးအောင်(ခ) ဟော့ထင်ချန် တို့အား GIOCK 9 MM ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 MM ကျည် ၂၃ တောင့်၊ Crown မော်တော်ယာဉ် ၁ စီး နှင့်လည်းကောင်း၊ ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာတွင် အားဝေ(ခ)လောက်ဆန်း နှင့် သက်ဦး(ခ)စောသက်ဦး တို့အား Crown မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ ၇ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment