MNP - အောက်တိုဘာ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ချီးမြှင့်ခဲ့သည်။
အခမ်းအနား၌ ဝန်ကြီးချုပ်မှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီးလူမှု စီးပွားဘဝမြှင့်တင်နိုင်ရေးအရှိန်အဟုန်မြှင့်ကြိုးပန်းလျက်ရှိပါကြောင်း အဆိုပါသင် တန်းအား နယ်စပ်ဒေသရှိငယ်ရွယ်သူ အမျိုးသမီးလေးများ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ကိုယ်ပိုင်စီးပွားရေးအဆင့်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး အကျင့်စာရိတ္တကောင်းမွန်စွာဖြင့်ရေရှည် ဘဝရပ်တည်မှု ရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး ရည်ရွယ်ကာနိုင်ငံတော်မှ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကာစက်ချုပ်၊ ဇာထိုးပန်းထိုး၊ လက်မှုအတတ်ပညာများ၊ ခေတ်မီမော်တာစက် ချုပ်နည်းပညာများကို အဓိကပို့ချသွားမှာဖြစ်လို့ သင်တန်းသူများအနေနဲ့ နိုင်ငံတော်ရဲ့စေတနာကို နားလည်တုံ့ပြန်သောအားဖြင့် သင်တန်းကာလပြီးဆုံးသည်အထိ သင် ကြားကြစေလိုပါကြောင်း၊ သင်တန်းနည်ပြများအနေဖြင့် အမှန်တကယ်အသက်မွေးဝမ်း ကျောင်း ပြုနိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင်မချွင်းမချန် လေ့ကျင့်သင်ကြားပေးကြ စေလိုပါ ကြောင်း၊ သင်တန်းသူများ အနေဖြင့်လည်း မိမိဘဝရပ်တည်နိုင်အောင်သမ္မာအာဇီဝကျတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်သွား နိုင်အောင်ရည်မှန်းချက် ထားကြိုးစားကြစေလိုကြောင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်သော မျိုးချစ်စိတ် ဓာတ်ရှင်သန် ထက်မြက်သောမြန်မာအမျို းသမီးကောင်းကလေးများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် မိမိတို့တတ်စွမ်းရာအခန်းကဏ္ဍမှ ပါဝင်ကြိုးစားကြစေလိုကြောင်း တိုက်ထွန်း ပြောကြားသည်။
ယင်းနောက် သင်တန်းကျောင်းအုပ်ကြီးမှ သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှသင်တန်းသူများကိုရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် သင်တန်းကျောင်း၏ လက်ရာ အဝတ်အထည်နှင့်လက်မှုပညာပစ္စည်းများကိုကြည့်ရှုအားပေးခဲ့ သည်။
အဆိုပါသင်တန်းအားသင်တန်းပို့ချသင်ကြားမှုကာလရက်သတ္တပတ် (၂၂)ပတ် ကြာ စာတွေ့/လက်တွေ့ သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်ကာ သင်တန်းသူများအား သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း စားစရိတ်၊ရိက္ခာခြောက်များ၊ တူညီဝတ်စုံနှင့်သင်ထောက်ကူပစ္စည်းများအား အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သင်တန်းကျောင်းမှ မိမိနေရပ်အပြန်ခရီးစရိတ်ငွေများ အားလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းကျောင်းအုပ်နှင့် ဆရာမများနှင့် သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment