MNP - အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ် ကော့ဘိန်း(စံပြကျေးရွာ)၌ ယမန်နေ့နံနက် ၁၀ နာရီတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အပိုဝင်ငွေရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် (လူသုံးကုန်ပစ္စည်းပြုလုပ်နည်း) သင်တန်းကို ကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး (ဦးစီးအရာရှိ) ဒေါ်ခင်ဇော်လတ်မှ မိမိတို့ဌာအနေဖြင့် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီးကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးနှင့် အိမ်တွင်းမိသားစုစီးပွားဖြစ် အတတ်ပညာများအား ကျေးရွာအရောက် အတတ်ပညာ၊ အသိပညာရှင်များ ဖိတ်ခေါ်၍ သင်ယူပေးလျက်ရှိသည့်အတွက် တက်ရောက်လာသည့် သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးအောင် တက်ရောက်ဖို့လိုကြောင်း ပြောကြားပြီးသင် ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် သင်တန်းနည်းပြများမှ ဘက်စုံသုံး ဆပ်ပြာရည်ပြုလုပ်နည်း၊ ခေါင်းလျှော် ဆပ်ပြာရည်ပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည် ပြုလုပ်နည်းနှင့် ဆပ်ပြာခဲပြုလုပ်နည်းတို့ကို ရှင်းလင်းပြောကြားပြီး လက်တွေ့သင်ကြားပြသခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၅) ဦး တက်ရောက်ပြီး သင်တန်းနည်းပြ (၃)ဦးမှ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဝင်းမောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment