ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအောင်ပွဲရ ပူတာအိုခရိုင်ဘောလုံး အသင်းအားကြိုဆိုဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအောင်ပွဲရ ပူတာအိုခရိုင်ဘောလုံး အသင်းအားကြိုဆိုဂုဏ်ပြု



MNP - အောက်တိုဘာ  ၁၆


၂၀၂၂-ခုနှစ် ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလား၊ ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်ပွဲရ ပူတာအိုခရိုင်ဘောလုံးအသင်းသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးအတိုင်း မော်တော်ယာဉ်များဖြင့် ယမန်နေ့ ညနေ(၅)နာရီခွဲတွင် ပြန်လည်ရောက်ရှိလာရာ ပူတာအိုခရိုင်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဒေါ်ခင်လွမ်းဘူးရမ်၊ခရိုင်အား ကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်သန်းတိုး၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် လီဆူတိုင်းရင်းသူလေးများက မူလာရှီးဒီသံကူကွန် ကရစ်တံတားအဝင်တွင် ပန်းကုံးများဖြင့်ကြိုဆိုကြသည်။


ဆက်လက်၍ ဖုန်ကန်ရာဇီခန်းမတွင် ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက အောင်ပွဲရဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုအမှာစကားပြောကြားပြီး အောင်ပွဲရအားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြကာ အောင်ပွဲရ ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်ခင်မိုးသဲက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် အောင်ပွဲရဘောလုံးအသင်း အုပ်ချုပ်သူနှင့်နည်းပြက တံခွန်စိုက်ဒိုင်းဆုကြီးအား ပူတာအိုခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးထံလွှဲပြောင်းအပ်နှံပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း၊ Snowland Hotel မိသားစုကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမယစ်ယောရှုက ဂုဏ်ပြုဆုငွေကျပ်ငါးသိန်း၊ ခရိုင်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဒေါ်ခင်လွမ်းဘူးရမ်က ဂုဏ်ပြုဆု ငွေကျပ်တစ်သိန်းတို့ကို အောင်ပွဲရဘောလုံးအသင်းအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ အောင်ပွဲရ ဘောလုံးအသင်း နည်းပြ ဦးခန်ထီးခင်ဆားရ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


အဆိုပါ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလား၊ ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့တွင် အောက်တိုဘာ(၆)ရက်မှ (၁၃)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲတွင် မြစ်ကြီးနားခရိုင်ဘောလုံးအသင်းအား လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရဆုဖလားဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ရာ ပူတာအိုခရိုင်အနေဖြင့် ၂၀၂၁-ခုနှစ်တွင် ပထမအကြိမ်၊၂၀၂၂-ခုနှစ်(ယခုနှစ်)တွင် ဒုတိယအကြိမ်ဖြင့် နှစ်နှစ်ဆက်တိုက် ဆုဖလားဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)