MNP - အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကို ယမန်နေ့ နေ့လည် ၁ နာရီက အမှတ်(၄)ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်း ရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စု လမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းသို့ လောင်းလှူရာတွင် ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှပင့်ဆောင်၍ ရန်အောင်မင်္ဂလာကျောင်းတိုက်နှင့် အောင်ဇမ္ဗူကျောင်းတိုက်တို့မှ သံဃသမ္မုတိ ဆရာတော် ၂ ပါးနှင့် သုခိတာရုံ ကမ္မဌာန်းကျောင်းမှ ပြည်နယ်ဝန်ဆောင်ဆရာတော်တို့မှ ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၆၂)တိုက်မှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများနှင့် မယ်သီလရင်များ၊ စုစုပေါင်းအပါး (၉၀၀)ကျော်က အမှတ်(၄)ရပ်ကွက် မြို့မအထကကျောင်းရှေ့မှစတင်ကာ အမှတ်(၂)ရပ်ကွက် အထက(နမ့်စန်)ကျောင်းရှေ့ထိ ပြည်ထောင်စုလမ်းမကြီးတလျှောက် ကြွရောက်တော်မူခဲ့ကြပြီး၊ နမ့်စန်တပ်နယ်မှတပ်မိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ မြို့သူမြို့သားများ၊ ဈေးသူဈေးသားများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းမျိုးစုံတို့ကို မြို့လုံးကျွတ်စည်ကားသိုက်မြိုက်စွာ စုပေါင်းလောင်းလှူခဲ့ကြသည်။
မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း၍ အေးချမ်းစွာ အလှူခံ ကြွနိုင်ရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်း အဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment