တောင်တော်ကွင်းနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ် (National Grid System) သို့ ၁၃၂ ကေဗွီ ချိတ်ဆက်ပေးနိုင်မည်ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တော်ကွင်းနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ် (National Grid System) သို့ ၁၃၂ ကေဗွီ ချိတ်ဆက်ပေးနိုင်မည်ဟုဆို

 


MNP ၊ အောက်တိုဘာ ၂၇

၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိ တောင်တော်ကွင်းနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ဖြစ်သည်။ မကြာမီ စက်ရုံစတင်လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅ သန်း ထုတ်လုပ်ပေးသွားမည်ဖြစ်ကာ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကို ၆ ဒသမ ၀၅ မိုင်ခန့်ရှိသည့် ၃၃ ကေဗွီကောင်းကင် ဓာတ်အားလိုင်းဖြင့် ၁၃၂ ကေဗွီ တောင်တော်ကွင်း ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား Green Power Energy Co., Ltd. တာဝန်ရှိသူများက ဓာတ်အားပေး စက်ရုံတည်ဆောက်မှု၊ နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ် (National Grid System) သို့ ၁၃၂ ကေဗွီတောင်တော်ကွင်း ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားချိတ်ဆက်နိုင်ရန် ဓာတ်အားလိုင်းများတည် ဆောက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထောင်းဇိုခိုင်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးညီညီထွန်းတို့က ဖြည့်စွက်ရှင်းလင်းသည်။


တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယခုစက်ရုံတွင် IEC Standard နှင့် ကိုက်ညီသော Bifacial Monocrystalline Silicon PV Module များ တပ်ဆင်ထားပြီး ဆိုလာ Tracking System တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်စွမ်းရည် ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ မြေနေရာများ ကျန်ရှိသည့်အတွက် နောင်တွင် ထပ်မံတိုးချဲ့ တပ်ဆင်မှုများရှိလာနိုင်ပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထပ်မံတိုးတက်လာမည့် တပ်ဆင်အင်အားများအတွက် ဓာတ်အားခွဲရုံ၌ ဓာတ်အားလက်ခံနိုင်ရေး ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဆိုလာမော်ကျူးများ တပ်ဆင်ထားမှုကို လည်းကောင်း၊ စက်ရုံထိန်းချုပ်အဆောက်အအုံတွင် ထိန်းချုပ်ရေးဆိုင်ရာ စက်ကိရိယာပစ္စည်းများ တပ်ဆင်ထားမှုကိုလည်းကောင်း၊ စက်ရုံအတွင်း၌ ဆိုလာမော်ကျူးများ၊ Inverter များ၊ Box Transformer များ၊ Switchgear များ တပ်ဆင်ထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရှိရသည်။


တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ မြေဧရိယာ ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co., Ltd. က အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည်ဖော်ပြီးစီးမည့် နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားပေး စက်ရုံတစ်ရုံဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)