NLD အစွန်းရောက်များနှင့် ပူးပေါင်း၍ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်များနှင့် ပူးပေါင်း၍ တိုင်းရင်းသားလက်နက်ကိုင်တချို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ



ယခု ရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာများဖြစ်တဲ့ BBC, VOA, RFA နဲ့ ပြည်ပြေးမီဒီယာများဖြစ်တဲ့ DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now အစရှိတဲ့ သတင်းဌာနတွေမှာ KIA တပ်ရင်း(၉) ကို တပ်မတော်က လေကြောင်းကနေ ပစ်ခတ်ရှင်းလင်းတာနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ပလူပျံအောင် ဖော်ပြနေတာတွေကို တွေ့ရပါလိမ့်မယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာတော့ တိုင်းပြည်အတွင်းအဖျက်အမှောင့် လုပ်ငန်းတွေကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတဲ့ NLD ပါတီက ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ KIA/KIO, KNU/KNLA, KKO, AA အစရှိသော တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေရဲ့ လုပ်ဆောင်မှု၊ ပြောဆိုမှုတွေကိုသာ အလေးထားဖော်ပြတာကို တွေ့ကြရပါလိမ့်မယ်။ ပြည်ဖျက်လုပ်ငန်းကို လက်တွေ့ကျကျ လုပ်ဆောင်သူများနဲ့ ပြည်ဖျက်မီဒီယာများ စုပေါင်းအားနဲ့ တိုင်းပြည်ကို အင်အားအလုံးအရင်းနဲ့ ဝိုင်းဝန်းဖျက်ဆီးခြင်း သဘောကို နားလည်ကြပါလိမ့်မယ်။


ပြည်ဖျက်မီဒီယာတွေမှာ ပလူပျံအောင် ဖော်ပြနေတဲ့ စစ်ရာဇဝတ်မှုဆိုတဲ့ စကားရပ်နဲ့ ပတ်သက်လို့ အများပြည်သူအနေနဲ့ ရှင်းလင်းတိကျစွာ နားလည်ထားဖို့တော့ လိုအပ်လာပါပြီ။ ဒါမှသာ ဘယ်သူတွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသလဲဆိုတာကို ဝေဖန်ပိုင်းခြားနိုင်မှာ ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှု (war crimes) နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ -

"နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ရောမ ဥပဒေအရ စစ်ပွဲအတွင်း လူများကို ဆန္ဒအလျောက် သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ စစ်ရေးအရ လိုအပ်ခြင်းမရှိဘဲ ပိုင်ဆိုင်မှု ပစ္စည်းများကို ဖျက်ဆီးခြင်း၊ အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကာအကွယ် မရှိသော၊ စစ်ရေးစစ်ရာအနေနှင့် တိုက်ခိုက် သိမ်းပိုက်ရန် ရည်ရွယ်မထားသော မြို့များ၊ ရွာများ၊ နေအိမ်များကို မည်သည့် နည်းနှင့်မဆို တိုက်ခိုက်ခြင်း စသည်တို့ကို ကျူးလွန်ခြင်း။ အသက် ၁၅ နှစ်အောက် မပြည့်သေးသော ကလေး သူငယ်များကို နိုင်ငံတော်၏ လက်နက်ကိုင် စစ်တပ် အတွင်း အတင်းအကြပ် စစ်မှုထမ်းစေခြင်း တို့သည်လည်း ပြစ်မှုမြောက်သည်။" လို့ဖော်ပြထားပါတယ်။


အထက်ပါ ဖော်ပြချက်ကတော့ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြည်သူများ ရှင်းရှင်းလင်းလင်း သိရှိနားလည်သဘောပေါက်ထားစေရန် ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ အသေးစိတ်ဖော်ပြချက်မှာတော့ အချက် (၁၂)ချက်ကို တွေ့ရပါလိမ့်မယ်။

အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှု မြောက်နိုင်သော အမှုများမှာ-

(၁) လူများကို သတ်ဖြတ်ခြင်း၊ မျိုးသုဉ်းစေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရက်ရက်စက်စက် ဆက်ဆံခြင်း၊

(၂) လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊

(၃) ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊

(၄) ဂျီနီဗာသဘောတူစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊ ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊

(၅) လူသားချင်းဆိုင်ရာ စာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွ့ဲများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊

(၆) ဘာသာရေး၊ ယဉ်ကျေးမှု၊ အထိမ်းအမှတ်များ၊ ဆေးရုံများနှင့် လူနာများထားရှိသည့်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊

(၇) လိင်စော်ကားခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်ဝန်ရစေခြင်း၊ သားကြောဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊

(၈) အသက် (၁၅) နှစ်အောက် ကလေးများကို စစ်ပွဲများတွင် ပါဝင်စေခိုင်းခြင်း၊

(၉) ရပ်ရွာလူထုများကို လုံခြုံရေးအကြောင်းကြောင့် မဟုတ်ဘဲ ရွှေ့ပြောင်းခြင်း၊

(၁၀) ဒဏ်ရာရသည့် တစ်ဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊

(၁၁) စစ်သုံ့ပန်းများကို တစ်ယောက်မကျန် သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ ဆေး (သို့မဟုတ်) သိပ္ပံပညာ စမ်းသပ်မှုများကို လုပ်ဆောင်ခြင်း၊

(၁၂) လိုအပ်ချက်အရမဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း သည်လည်း စစ်ရာဇဝတ်မှုမြောက်သည်ဟု အသေးစိတ် ထပ်မံဖွင့်ဆိုထားပါတယ်။


တပ်မတော်ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ စစ်ရာဇဝတ်မှုလို့ တဖက်သတ်စွပ်စွဲနေမှုတွေအပေါ် ပြည်သူများအနေနဲ့ တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ နှိုင်းချိန်စဉ်းစားနိုင်စေဖို့ ရည်ရွယ်တင်ပြခြင်း ဖြစ်ပါတယ်။


လေကြောင်းကနေ ပစ်ခတ်ရှင်းလင်းခြင်းခံရတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)ကလည်း ၂၅-၁၀-၂၀၂၂ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး လှုံ့ဆော်ထားတာကို တွေ့ရပါတယ်။ KIA ရဲ့ ထုတ်ပြန်ချက်မှာတော့ စတယ်ဆိုရင်ပဲ လူမျိုးရေးအမုန်းတရားကို ရှေ့တန်းတင်ပြီး "လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကိုင်စွဲထားသော" ဆိုတာနဲ့ စတင်ပြီး တိတိကျကျ လိမ်လည်ဖော်ပြထားတာကတော့ အနန်ပန်သည် KIA တပ်စခန်းမဟုတ်ကြောင်း၊ ခရီးသွားပြည်သူများ ခေတ္တခဏ အနားယူကြသည့် ဈေးဆိုင်တန်း စခန်းငယ်နေရာဖြစ်သည်ကို အာဏာရှင်စစ်ကောင်စီတပ်က သိရှိထားသော်လည်း လူအစုလိုက်အပြုံလိုက် သေကြစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့သဖြင့် တန်ဖိုးမဖြတ်နိုင်သော အရပ်သားပြည်သူများနှင့် KIO အမှုထမ်း မြောက်များစွာ ထိခိုက်သေဆုံးခဲ့ရကာ ပြည်သူအများက ဝမ်းနည်းကြေကွဲ ထိတ်လန့်ခဲ့ရကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ KIA ရဲ့ ထုတ်ပြန်ချက် အစမှာ ဖော်ပြထားတဲ့ လူမျိုးကြီးဝါဒ ဆိုတဲ့ အသုံးအနှုန်းကတော့ ဗမာ တိုင်းရင်းသားပြည်သူများအပေါ် အခြားသော တိုင်းရင်းသားများက အမုန်းပွားစေရန် အစချီလိုက်ခြင်း ပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှာ ဗမာတွေချည်း စုဖွဲ့ထားတာလား။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အားလုံး စုပေါင်းဖွဲ့စည်းဆောင်ရွက်နေတာလား ဆိုတာကို လူ့အသိဉာဏ်ရှိသူတိုင်း သိမြင်နိုင်ပါတယ်။ ဗမာ မုန်းတီးရေးကို အလေးပေးပြီး လူမျိုးရေးမှိုင်းတိုက်နေတာတွေကိုလည်း စွန့်လွှတ်သင့်ပြီလို့ အကြံပြုချင်ပါတယ်။ အခု လက်ရှိ ခင်ဗျားတို့ကိုယ်တိုင် ဗမာလူငယ်တွေကို အကြမ်းဖက်သမားများ အဖြစ် အသုံးချပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို လုပ်ဆောင်နေကြတာ မဟုတ်ပါလား။


KIO ရဲ့ ထုတ်ပြန်ချက်မှာ ဒီစာပိုဒ်ကတော့ အသက်ပါပဲ။ ဒါကို အခြေခံပြီး တိုင်းရင်းသားပြည်သူများကြားမှာ အမုန်းတရားတွေ ပိုမိုကြီးထွားအောင် ထပ်ဆင့်လှုံ့ဆော်ထားတဲ့ စာပိုဒ်တွေကို ကောက်နှုတ်ဖော်ပြမနေတော့ပါဘူး။ KIA/KIO အနေနဲ့ အရပ်သားပြည်သူများအပေါ် ရက်စက်ယုတ်မာမှုတွေ  လုပ်ခဲ့တာမရှိဘူးလား လို့ မေးရမှာ ဖြစ်ပါတယ်။ 


NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ ပထမဦးစားပေး လုပ်ဆောင်လာတာက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ ဘယ်အစိုးရလက်ထက်ကမှ မပေးခဲ့တဲ့ အခွင့်အရေးပေးပြီး မည်သည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကိုမဆို ကန့်သတ်ချက်တွေမထားဘဲ ဖိတ်ခေါ်ဆွေေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။


တပ်မတော်က တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ကန့်သတ်ချက်တွေမထားဘဲ ဖိတ်ခေါ်ဆွေးနွေးမှုကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ တပ်မတော်နဲ့ ဆွေးနွေးခြင်းမပြုဘဲ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ပြီး လမ်းဘေးရောက်သွားတဲ့ NLD အစွန်းရောက်အုပ်စုက ဖွဲ့စည်းထားတဲ့ CRPH, NUG နဲ့ ပူးပေါင်းပြီး PDF အမည်ခံ အကြမ်းဖက်သမားလေးတွေကို အကြမ်းဖက်သင်တန်းပေးပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့လည်း ရှိနေပါတယ်။ အဲဒီ အဖွဲ့တွေကတော့ KNU, KNLA, KKO, KIA, AA တို့ပဲ ဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်သင်တန်းပေးပြီး အကြမ်းဖက်သမားမွေးထုတ်ပေးခဲ့တဲ့ အဓိက အဖွဲ့အစည်းများဆိုရင်တော့ KNU, KIA ပဲ ဖြစ်ပါတယ်။ 


ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ အာဏာရလိုမှုကိုသာ ရှေ့တန်းတင် ဆောင်ရွက်နေတဲ့ NLD အစွန်းရောက်တွေဟာ သူတို့နောက်ကို လိုက်ပါလာတဲ့ လူငယ်တွေကို ဆူပူဆန္ဒပြမှုတွေမှာ အသုံးပြုရုံတင်မဟုတ်တော့ဘဲ အကြမ်းဖက်သင်တန်းတက်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လာကြပါတယ်။ လူငယ်တွေကို အကြမ်းဖက်သင်တန်းတက်ဖို့ KNU, KIA အဖွဲ့များထံ ခေါ်ဆောင်သွားတာမျိုး ရှိသလို၊ စရိတ်ပေးပြီး စေလွှတ်ခဲ့တာတွေလည်း ရှိပါတယ်။ KNU, KIA မှာ အကြမ်းဖက်သင်တန်းတက်ပြီး ပြန်လာကြတဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ရာမှာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပစ်မှတ်တွေကို အဓိကထားပြီး ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်လာခဲ့ကြပါတယ်။ 


ဆိုရပါမူ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG တို့ရဲ့ သြဇာခံ PDF အကြမ်းဖက်အဖွဲ့ဝင် အကြမ်းဖက်သမားများဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်တဲ့ KNU, KIA မှာ အကြမ်းဖက်သင်တန်းတက်၊ မိမိတို့ရဲ့ မြို့ရွာတွေကို ပြန်လာပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပါပြီ ဆိုကတည်းက စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်လာကြတာပဲဖြစ်ပါတယ်။ သူတို့လို ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်းမရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးတယ်၊ နှိပ်စက်ညှဉ်းပမ်းတယ်၊ ခေါင်းကို လေးကွက်ကြားရိတ်တယ်၊ မျက်နှာမှာ မဖွယ်မရာ တက်တူးထိုးတာတွေလုပ်တယ်၊ နောက်တော့ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်လာတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှု မြောက်နိုင်သော အမှုများ (၁) ကနေ (၁၂)အထိ ဖော်ပြချက်နဲ့ PDF အကြမ်းဖက်သမားရဲ့ လုပ်ဆောင်မှုများကို တိုက်ဆိုင်ကြည့်လိုက်ရင် စစ်ဇာဝတ်မှု ကျူးလွန်သလား၊ မကျူးလွန်ဘူးလား ဆိုတာကို ပြည်သူအများ အကဲဖြတ်နိုင်ကြပါလိမ့်မယ်။


ရန်ကုန်၊ မန္တလေး နဲ့ ဧရာဝတီတိုင်းတို့လို နေရာတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကတော့ NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF တို့ က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုများ ဖြစ်ပါတယ်။ 


ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေမှာတော့ NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နဲ့ အတူ KNU, KNLA, KKO အစရှိသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်းပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ ကုန်တင်ကားကြီးများကို မီးရှို့ဖျက်ဆီးမှု၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များကို လုပ်ကြံသတ်ဖြတ်မှု၊ ဘုရားဖူးပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှု၊ အပြစ်မဲ့ ပြည်သူများ၏ လူနေရပ်ကွက်အတွင်းကို ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်ခိုက်ခိုက်မှုတွေဟာ NLD အစွန်းရောက်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။


ကချင်၊ ကယား၊ ရှမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတို့မှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု မှတ်တမ်းတွေကို ပြန်ကြည့်ရင်တော့ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နဲ့ KIA, CDF တို့ ပူးပေါင်းပြီး အပြစ်မဲ့ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်မှု၊ အပြစ်မဲ့ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်မှု၊ အရပ်သားပြည်သူများကို လုပ်ကြံသတ်ဖတ်မှု၊ အစိုးရရုံးဌာနတွေကို ဖောက်ခွဲတိုက်ခိုက်မှု၊ တောင်ယာလုပ်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်မှု၊ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားမှု အစရှိတဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေဖြစ်တယ်ဆိုတာကို တိုက်ဆိုင်စစ်ဆေးကြည့်ရင် ရှင်းလင်းလွယ်ကူစွာဖြင့် သဘောပေါက် နားလည်ကြပါလိမ့်မယ်။


တိုင်းပြည်အတွင်းမှာ အစိုးရတစ်ရပ်အဖြစ် တည်ငြိမ်ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူဆောင်ရွက်နေရတဲ့ ကာလမှာ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို မရှင်းလင်းနိုင်ဘူးဆိုရင် အစိုးရတစ်ရပ်အနေနဲ့ ဘယ်လိုမှ တာဝန်မကျေနိုင်ပါဘူး။ နိုင်ငံတကာမှာရော အဲဒီလို အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးတွေကို သက်ဆိုင်ရာ အစိုးရများက သဘောထားကြီးစွာနဲ့ သည်းခံခွင့်လွှတ်ထားတာမျိုး ရှိပါသလား။ 


တပ်မတော်ဦးဆောင်တဲ့ နစက အစိုးရအနေနဲ့ အတိုင်းထက်အလွန် သည်းခံခွင့်လွှတ်ခဲ့တယ်။ သည်းခံခွင့်လွှတ်ပြီး အပြုသဘောဆောင်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် စွဲခေါ်ခဲ့တယ်။ သို့သော် NLD အစွန်းရောက်များနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ အပြုသဘောဆန်ဆန် ဆောင်ရွက်လာခြင်းမရှိတဲ့ အပြင် စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ဆိုသလို ကျူးလွန်ခဲ့ကြတယ်။ တပ်မတော်က တိကျသေချာတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ KIA ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေကို တန်းစီချပြပြီးမှ စစ်ရေးအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


သို့ပေသော် ပြည်ဖျက်မီဒီယာတွေရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်ကို အဓိကထိန်းကျောင်းနိုင်စွမ်းအားရှိတဲ့ တပ်မတော်အပေါ်မှာ ပြည်သူအများ အထင်အမြင်လွဲမှားစေရေး သူတို့ကို ထောက်ပံ့ပေးထားတဲ့ အမေရိကန်၊ အင်္ဂလန် အစရှိတဲ့ တိုင်းပြည်တွေရဲ့ လိုလားချက်ကို ဖော်ဆောင်ပြီး ရေးရတာဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ရဲ့  ဆောင်ရွက်ချက်တွေတိုင်းကို နိုင်ငံတကာရာဇဝတ်မှုရောက်အောင် ဖန်တီးရေးသားကြပြီး ပြည်သူများအပေါ် စစ်ရာဇဝတ်ပေါင်းများစွာ ကျူးလွန်နေတဲ့ NLD နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကိုတော့ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဖုံးဖိလိမ်ညာပေးကြခြင်းဖြစ်ပါတယ်။


NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနဲ့ KNU, KNLA, KKO, KIA တို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်း မရှိဘူးလို့ ငြင်းချက်ထုတ်ချင်ပါသလား။ တိကျသေချာတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ လွယ်လင့်တကူ သိချင်ရင်တော့ ပြည်ဖျက်မီဒီယာတွေ ဖြစ်တဲ့ VOA, RFA, BBC, DVB, Mizzima, Khit Thit, Myanmar Now တို့မှာ ဖော်ပြထားတဲ့ PDF အကြမ်းဖက်သမားများက ဒလန်၊ ပျူစောထီး၊ စစ်တပ်ရဲ့ ဒေါက်တိုင်လို့ ခေါင်းစဉ်တပ်ပြီး ရှင်းလင်းလိုက်တယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေကို ပြန်လည်စိစစ်လိုက်ပါ။ အပြစ်မဲ့ ရဟန်းသံဃာတော်၊ ဆရာ/ ဆရာမ၊ အရပ်သားပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ပြီးတိုင်းမှာ သရုပ်ပျက် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အားရဝမ်းသာ ဖော်ပြခဲ့ကြတယ်မဟုတ်လား။


သမိုင်းမှတ်တမ်းကို အသေအချာ စိစစ်ပါ။ အလိမ်အညာ မပါဘဲ အမှန်တရားကို လက်ခံနိုင်စွမ်းရှိသူတိုင်းက NLD အစွန်းရောက်တွေနဲ့ ပူးပေါင်းပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအပေါ် ကမ္ဘာမကျေပါဘူး။ စစ်ရာဇဝတ်မှု ကျူးလွန်သူများ စာရင်းများ ပြည်ဖျက်မီဒီယာများ ပူးပေါင်းပါဝင်နေတာကိုလည်း သိရှိနားလည် သဘောပေါက်ကြပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)