NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ထားသူ ၂၆ဦးကို ကွန်မန်ဒိုအဖွဲ့က ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ထားသူ ၂၆ဦးကို ကွန်မန်ဒိုအဖွဲ့က ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်

 




MNP ၊ အောက်တိုဘာ ၂၅

 NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာများမှ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသော အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ၊ မြောက်ယမားဆည်အနီးရှိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်းအတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ်အနီး နယ်မြေခံတပ်ရင်းမှ အရာရှိဇနီးတစ်ဦးသည် အောက်တိုဘာလ ၁၂ ရက်တွင်မုံရွာမှကျောမြို့သို့ လိုက်ပါလာစဉ် ကန်ဒေါင့်ကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသဖြင့် ခင်ပွန်း၊ မိဘများနှင့် အဆက်သွယ် ပြတ်တောက်ခဲ့သည်။ ထိုသို့အဆက်သွယ် ပြတ်တောက်မှုကြောင့် အရာရှိဖြစ်သူအနေဖြင့် သက်ဆိုင်ရာ အထက်ဌာနသို့တင်ပြခဲ့ရာ နယ်မြေအတွင်း အမာခံသတင်းပေးများဖြင့် နယ်မြေသတင်းများကို စနစ်တကျ စုဆောင်းဖော်ထုတ်ခဲ့စဉ် နောက်ဆုံး ဆက်သွယ်မှုရရှိသည့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ရွှေလှန်ကျေးရွာတစ်ဝိုက်တွင် ဖမ်းဆီးချုပ်နှောင် ထားနိုင်ကြောင်းသုံးသပ်ပြီး အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင် ကွန်မန်ဒိုတပ်ဖွဲ့ဖြင့် ရင်ပေါင်တိုင်နှင့် ရွှေလှန်ကျေးရွာတစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၎င်းတို့အခြေပြုစခန်းအပါအဝင် အလောင်းနှင့် လက်နက်ခဲယမ်းအချို့သာ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံထားသူများ၏ သဲလွန်စများရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။


ဆက်လက်၍ ဖမ်းဆီးခံရသူများ ပြန်လည်ကယ်တင်နိုင်ရေးနယ်မြေအတွင်းရှိ အမာခံသတင်းပေးများဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဖမ်းဆီးခံရသူများ ချုပ်နှောင်ထားသည့် အကြမ်းဖက်စခန်း၏ တည်နေရာ ထပ်မံဖော်ထုတ်ရရှိသဖြင့် ကွန်မန်ဒိုအဖွဲ့ဖြင့် ထပ်မံစီးနင်းခဲ့ရာ အောက်တိုဘာလ ၁၂ ရက်တွင် ဖမ်းဆီးခံရသည့် အရာရှိဇနီးအပါအဝင် ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသည့်အပြစ်မဲ့ အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၅ ဦးအား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ ပြန်လည်ကယ်တင်နိုင်ခဲ့သူများတွင် ခရီးသွားစဉ် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၂၂ ရက်တို့တွင် ဇီးဖြူကုန်းကျေးရွာ အိမ်ခြေတစ်ရာကျော်အား အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် တောအတွင်း ထွက်ပြေးနေစဉ်ဖမ်းဆီးခံရသူများ၊ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်အချို့၊ အသက်၂ နှစ်အရွယ်နှင့်အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ပါဝင်ပြီး အချို့သည် ၇ လမှ တစ်နှစ်နီးပါးခန့် ဖမ်းဆီးချုပ်နှောင်ခံ ထားရသူများဖြစ်ကြောင်း သိရသည်။


ထိုသို့ကယ်ထုတ်ရာတွင် ကွန်မန်ဒိုတပ်ဖွဲ့နှင့် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများဖြင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံမှ အကြမ်းဖက်သမားအလောင်းအချို့နှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ဖမ်းဆီးထားသူများ ထားရှိရာ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးကုသမှုများဆောင်ရွက် ပေးခဲ့ရသည်။


အပြစ်မဲ့အမျိုးသမီးများနှင့် ကလေးသူငယ်များကို အတင်းချုပ်နှောင်ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံဝန်ထမ်းများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ် နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူ များအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှု သတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)