ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့အတွင်း သောက်သုံးရေနှင့် လျှပ်စစ်မီး ဖူလုံနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့အတွင်း သောက်သုံးရေနှင့် လျှပ်စစ်မီး ဖူလုံနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



MNP ၊ နိုဝင်ဘာ ၁၀  

ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း သောက်သုံးရေနှင့် လျှပ်စစ်မီးဖူလုံနိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။


လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အစည်းအဝေးတွင် ဟားခါးမြို့အတွက် ဦးစားပေးဖြစ်သော်လည်း နောက်နောင်တွင် ချင်းပြည်နယ် အတွင်းရှိ ကျန်မြို့နယ်များ၏ သောက်သုံးရေနှင့် လျှပ်စစ်မီးဖူလုံစွာရရှိနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တာဝန်ဝတ္တရားအရ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး ရေ၊ မီး ဖူလုံစွာရရှိရေး ဆောင်ရွက်နေပါကြောင်း၊ ယခင်က မကြုံဖူးသည့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ ပြိုကျပြီး လျှပ်စစ်မီး ပြတ်တောက်ကာ လျှပ်စစ်မီးသာမက သောက်သုံးရေများပါ အခက်တွေ့နေရပါကြောင်း၊ အများပြည်သူအနေဖြင့် လျှပ်စစ်မီးကို ကျန်တဲ့နည်လမ်းများဖြင့် အတိုင်းအတာတစ်ခုထိ အဆင်ပြေအောင် ဖြေရှင်းနိုင်ကြသော်လည်း ရေပြတ်လပ်မှုမှာ အဆင်မပြေနိုင်ခဲ့ကြောင်း၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးသည် အစိုးရအဖွဲ့အတွက်သာမဟုတ်ဘဲ ပြည်သူအတွက်ပါ အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ ဟားခါးမြို့တွင် လျှပ်စစ်မီး စတင်ပြတ်တောက်သည့် အချိန်မှစ၍ ဓာတ်အားပြန်လည်ရရှိရေးနှင့် လိုအပ်သော ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြသော ယခင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးငွန်ဆန်းအောင်အပါအဝင် သယံဇာတရေးရာဝန်ကြီး ဦးဆောင် သည့် လျှပ်စစ်ပြည်နယ်မှူးနှင့် သိက္ခာတော်ရ ဆရာတော်များအားလုံးအပေါ် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့၏ လိုလားချက်သာမက အများပြည်သူများ၏ လိုအပ်ချက်နှင့် အကျိုးရှိပြီး နိုင်ငံတော်မူဝါဒနှင့် မဆန့်ကျင်ခဲ့မည်ဆိုပါက အတူတကွ လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြား သည်။


ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်နှင့်  မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိများနှင့် ပြည်နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်ဦးစီးမှူးတို့က ဟားခါးမြို့ သောက်သုံးရေနှင့် လျှပ်စစ်မီး ဖူလုံစွာရရှိနိုင်ရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ဆွေးနွေးတင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


မောင်ထွန်းတောက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)