MNP ၊ နိုဝင်ဘာ ၁၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၂) စီးပေါ်၌ ကုန်ပစ္စည်းများအောက်တွင် သိုဝှက်သယ်ဆောင်လာသော တရားမဝင် ကျွန်းတံခါးချပ်ဆိုဒ်စုံ၊ ကျွန်းတံခါးကျည်းဘောင်နှင့် ကျွန်းခွဲသားဆိုဒ်စုံ (၄ ဒသမ ၉၂၉)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၈၇၁,၅၂၀)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် Nissan Diesel အမျိုးအစား မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅,၈၇၁,၅၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာ ထားခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၅၅,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၀ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဘုရားပန်းအိုးများ၊ Plastic Resin များ၊ မော်တော်ကားအင်ဂျင်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၈၁၈,၇၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်(၁)တွဲနှင့် Mitsubishi Fuso အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၈၁၈,၇၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆,၈၄၅,၂၇၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment