မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင်ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင်ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်




MNP - နိုဝင်ဘာ   ၁၄


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ သင်တန်းသား/သူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထက်တန်းအဆင့် Grade-11 သင်ရိုးသစ် ဆွေးနွေးပွဲများအား ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်နှင့် မြို့နယ်အဆင့်များတွင် ကျင်းပခဲ့ပြီးဖြစ်သလို သင်ရိုးသစ်အတန်းများတွင်ပါဝင်သည့် သိပ္ပံဘာသာရပ်သင်ခန်းစာများတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား ကျောင်းများအလိုက် ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/သူများအား သင်ကြားပို့ချရာတွင် ဆရာ/ဆရာမများ၏ အရည်အသွေများအား ပိုမိုမြှင့်တင်ပေးရန် ရည်ရွယ်ပြီး တစ်ဘာသာလျှင်(၂)ရက်နှုန်းဖြင့် သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများသာမက ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ ဆရာမများသည်လည်း သင်တန်းတက်ရောက်ခြင်းဖြင့် အခြေခံပညာရေးတစ်ခုလုံး ညီမျှစွာတိုးတက်စေရန်အတွက် အထာက်အကူပြုမည်ဖြစ်ပြီး မကွေးတက္ကသိုလ်မှ သက်ဆိုင်ရာ ဘာသာရပ် ဆရာ/ ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ ယင်းအပြင် သင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် အခြေခံပညာကျောင်းများတွင် သင်ကြားနေသော ဆရာ/ ဆရာမများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာရောက်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်လာခြင်းအားဖြင့် အခြေခံပညာကျောင်းများ၏ အားနည်းချက်များကို အပြုသဘောဖြင့် လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ဆရာ/ဆရာများ၏ အရည်အသွေးပြည့်ဝနေခြင်းဖြင့် အတွေးအခေါ်မှန်ကန်ပြီး ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိကာ ဗလငါးတန်နှင့် ပြည့်စုံသောနိုင်ငံ့သားကောင်း ကျောင်းသား/ကျောင်းသူများအား မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ မကွေးတက္ကသိုလ်၊ ဓာတုဗေဒဌာနမှူးက သင်တန်းတွင်သင်ကြားပို့ချမည့် သင်ခန်းစာများ၊ သင်ခန်းစာရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းဖွင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းခန်းမများအတွင်း အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနေမှုအား လှည့်လည်ကာ အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအရည်အသွေးမြှင့် မွမ်းမံသင်တန်းကို (၁၂.၁၁.၂၀၂၂) ရက်နေ့မှ(၂၇.၁၁.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းဆင့်သင် ဆရာ/ဆရာမများအနေဖြင့် ဓာတုဗေဒဘာသာရပ်တွင်(၄၂၇)ဦး၊ ရူပဗေဒဘာသာရပ်တွင်(၄၂၄)ဦးနှင့် ဇီဝဗေဒဘာသာရပ်တွင် (၂၉၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)