MNP ၊ နိုဝင်ဘာ ၁၀
မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် ဒေသဆိုင်ရာသင်ရိုးကို ဘာသာရပ်တစ်ခုအနေဖြင့် မူလတန်းအဆင့်မှ စတင်သင်ကြားပေးရန် ရေးဆွဲပြဌာန်းထားပြီး တိုင်းရင်းသားဘာသာစကား၊ ဒေသဆိုင်ရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုစသည့် အခြေခံအကြောင်းအရင်းများကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းရင်းသားဘာသာစကားများကို လေ့လာသင်ယူခြင်းဖြင့် တိုင်းရင်းသားလူမျိုးတို့၏ ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်တို့အပေါ် ပိုမိုတန်ဖိုးထား ထိန်းသိမ်းမြှင့်တင်နိုင်ရာရောက်ကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေး၊ စွမ်းရည်မြှင့်မားရေး အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး တိုင်းရင်းသားဘာသာစကားများအပေါ် အထူးအလေးထားကာ စကား၊ စာပေများဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မော်လမြိုင်ပညာရေးဒီကရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်မှ အရည်အသွေးမြှင့်စေရေး အထောက်အကူပြုဆွေးနွေး ပွဲဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာ စကားသင်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment