MNP ၊ နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၏ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့ သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ကျောင်းတိုက် (၁၇)တိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူခဲ့ကြသည်။
ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်၊ သံဃာတော်များအား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်အပေါင်းတို့က စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဝရသာမိ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်းတို့သည် စဉ့်ကူးမြို့နယ် သံဃ နာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဝရသာမိ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှ ပေးဝေခဲ့ကြသည်။
ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်ပွဲတော်၏ လှူဒါန်းမှုအစုစုတို့အား အခမ်းအနားမှူးမှ ဖတ်ကြားကာ ဌာနအလိုက်ပဒေသာပင်များအား မဲနှိုက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု သုံကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
စုပေါင်းမဟာဘုံကထိန်ပွဲတော်သို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန်ပွဲတော်၏ လှူဒါန်းမှုမှာ ဉာတ်မကြီးတန်ဖိုး ငွေသား(၁၆၄၆၀၀၀)ကျပ်နှင့် ပစ္စည်းတန်ဖိုး (၈၈၂၁၀၀)ကျပ်၊ အခြားပဒေသာပင်များ၏တန်ဖိုး ငွေသား(၆၆၅၄၅၀၀) ကျပ်နှင့် ပစ္စည်းတန်ဖိုး(၃၁၇၃၂၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးကျပ် (၁၂၃၅၅၈၀၀) ဖြစ်ကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost




No comments:
Post a Comment