ရုရှားခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ဝိုင်းဝန်းကူညီ အကြံပြုပေးကြရန်နှင့် မိမိတို့တွင် အစီအစဉ်များ ရှိပါကလည်း ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရုရှားတွင် ပညာသင်ယူခဲ့သူများအား ပြည်ထောင်စုဝန်ကြီးပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ဝိုင်းဝန်းကူညီ အကြံပြုပေးကြရန်နှင့် မိမိတို့တွင် အစီအစဉ်များ ရှိပါကလည်း ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရုရှားတွင် ပညာသင်ယူခဲ့သူများအား ပြည်ထောင်စုဝန်ကြီးပြောကြား


MNP ၊ နိုဝင်ဘာ ၁၉

မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရေး၊ ရုရှားခရီးသွား ဧည့်သည်များကို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံအစိုးရပိုင်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့က ဝန်ကြီးဌာန နီလာခန်းမ၌ ဝန်ကြီးဌာနများမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဒုတိယအကြိမ်တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ပထဝီအနေအထားအရ အလှမ်း ကွာဝေးသော်လည်း လေကြောင်းလိုင်းများ ပြေးဆွဲပျံသန်းနိုင်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက ရုရှားခရီး သွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် များစွာအထောက်အပံ့ ဖြစ်နိုင်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ရုရှားပြည်သူများ ပိုမိုသိရှိစေရန်အတွက် ရုရှားနိုင်ငံ၏ URAL Airline In-Flight မဂ္ဂဇင်းတွင် မြှင့်တင်ကြော်ငြာနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရုရှားနိုင်ငံနှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေနှင့် ချစ်ကြည်ရေး ခရီးစဉ်များကို ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ရှိကြောင်း။


 ထို့အပြင် ရုရှားနိုင်ငံတွင်ကျင်းပမည့် ခရီးသွားပြပွဲများတွင်လည်း ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များ ပူးပေါင်းပြီး ပါဝင်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံတွင် ပညာသင်ယူခဲ့ကြသူများအနေဖြင့် ဝန်ကြီးဌာနမှ ရုရှားခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များတွင် ဝိုင်းဝန်းကူညီ အကြံပြုပေးကြရန်နှင့် မိမိတို့တွင် အစီအစဉ်များ ရှိပါကလည်း ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့မှ တက်ရောက်လာကြသူများက ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ ရုရှားဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် ရုရှားခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရေးအတွက် ပံ့ပိုးကူညီနိုင်မည့်အကြံပြုချက်များကို တင်ပြကြသည်။


ယင်းနောက်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အကြံပြုတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)