MNP - နိုဝင်ဘာ ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူတို့မှပြုလုပ်သည့် (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲခန့်က မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပြုလုပ်ခဲ့ကြသည်။
အဆိုပါ မဟာဘုံကထိန်ဆက်ကပ်မှုတွင် မိုင်းယုမြို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူတို့မှစုပေါင်းပြုလုပ်ထားသော ပဒေသာပင်ကိုးပင်တို့အား ၈ နာရီခွဲခန့်က မြို့မရပ်ကွက်ရှိ မြို့ပတ်လမ်းတစ်လျှောက် လှည့်လည်အပူဇော်ခံခဲ့ကြသည်။
လှည့်လည်အပူဇော်ခံမှုအပြီး ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ဘုရားကန်တော့ခြင်း၊ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါသီလခံယူကြခြင်း၊ အရှင်သူမြတ်တို့မှ တရားများရွတ်ပွားသရဇ္ဈာယ်ခြင်း၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူတို့မှ တရားတော်နာယူခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြခြင်း၊ အနုမောဒနာတရားနာကြားကြခြင်း၊ လှူဒါန်းမှုတို့အတွက် ရေစက်သွန်းချအမျှဝေကြခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်ခြင်းတို့ဖြင့် မိုင်းယုမြို့၏ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကိုနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment