MNP - ဒီဇင်ဘာ ၂၁
မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပညာရေးဒီဂရီကောလိပ်နှင့်ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘ၀အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက်သွားရောက်၍ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယမန်နေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်ကျောင်းသို့ သုတရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ ရသစာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးရာ စိတ်ပါ၀င်စားစွာ ဖတ်ရှူလေ့လာခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းများ အစိုးရဌာနဆိုင်ရာများ၊ တက္ကသိုလ်ကျောင်းများရှိ ကျောင်းသား/သူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့်ပြင်ပဗဟုသုတများတိုးပွားလာစေရေး စိတ်ဓာတ်ခွန်အားဖြစ်စေသောစာပေများ၊ ဗဟုသုတဖြစ်စေသော စာအုပ်၊ စာစောင်များကို ဖတ်ရှုစေခြင်းဖြင့် စာဖတ်ရှိန်များမြင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရေး၊ စာဖတ်သည့်အလေ့အကျင့်များမှစာပေချစ်သူများဖြစ်လာစေရေး၊ ပညာတတ်သားကောင်းရတနာများဖြစ်လာစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment