MNP - ဒီဇင်ဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များစက်မှုလက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌ သင်တန်းများ တက်ရောက်သင်ယူလျှက်ရှိသည့် သင်တန်းသားများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများက ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးများ ဟောပြောခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်မျိုးသီဟက အဆိုပါ ကျောင်း၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်နှင့်ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော် ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၃)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၇)စသည့် သင်တန်းများ တက်ရောက်နေသည့် သင်တန်းသားများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို သိရှိပြီး ၎င်းစည်းကမ်းများနှင့်အညီ လိုက်ပါမောင်းနှင်စေရေးအတွက် မီးလုံးများအပိုတပ်ဆင်ထားသည့် မော်တော် ယာဉ်များအား တပ်ဆင်မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းနေစဉ် အရက်သေစာသောက်စားမူးယစ်၍ မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းနေစဉ်အတွင်း ထိုင်ခုံခါးပတ် ပတ်ထားပြီးမှသာ မောင်းနှင်ကြရန်၊ ဆိုင်ကယ်စီးနင်းသူများနှင့် လိုက်ပါစီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဝတ်ဆင်ပြီးမှသာ စီးနှင်းကြရန်၊ နှစ်ဦးထက်ပို၍ မစီးနင်းကြရန်၊ ပါဝါအိပ်စောတပ်ဆင်မောင်းနှင်ခြင်းများမပြုလုပ်ရန်၊ ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းဖွင့်ပြီး မောင်းနှင်စီနှင်းကြရန် စသည့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးများ ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောင်းအုပ်ကြီး နှင့် ဆရာ၊ ဆရာမများ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သင်တန်း သားများ၊ စုစုပေါင်းအင်အား(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး ၊ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment