မအီမြို့တွင် ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ






MNP  -  ဒီဇင်ဘာ    ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်  အကြောင်းအမျိုးမျိုးကြောင့် ပူဇော်ကျင်းပနိုင်ခြင်း မရှိခဲ့သော ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ အထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ၂၀၀၄- ခုနှစ်မှ ၂၀၁၄- ခုနှစ်အထိ ကျောင်းသူကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို ဖယောင်းတိုင်ဆီမီးများထွန်းညှိ၍ ပူဇော်ကန်တော့ခဲ့ကြပြီး မြတ်ဆရာများကိုယ်စား ဆရာဦးသိန်းကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  အ ထ က (မအီ)မှ ကျောင်းသူလေးများက "မြတ်ဆရာ" သီချင်းဖြင့် ကပြသီဆို ပူဇော်ကန်တော့ခဲ့ကြပြီး တက်ရောက်လာကြသည့် မြတ်ဆရာတို့အား ကျောင်းသားဟောင်း ကိုမြင့်ချိုက တိုင်ပေးသည့် ကန်တော့ချိုးကို ကျောင်းသူကျောင်းသားဟောင်းများက လိုက်ဆို၍ ကန်တော့ခဲ့ကြသည်။ ယင်းနောက် မြတ်ဆရာတစ်ဦးချင်းတို့အား ငွေကျပ်(၁၀၀၀၀၀)ကျပ်နှင့် (၂၅၀၀၀)ကျပ်တန်ဖိုးရှိ လက်ဆောင်ခြင်းတို့ကို ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ မြတ်ဆရာတစ်ဦးချင်းစီတို့က အမှတ်တရစကားများနှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ ပထမအကြိမ်မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။


မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ညနေပိုင်းတွင် ဖော်ပြပါ အထက်တန်းကျောင်း၌ မြတ်ဆရာတို့အား ညစာစားပွဲဖြင့်တည်ခင်းဧည်ခံခဲ့ကြပြီး ယနေ့နံနက်ပိုင်းက မအီချောင်းဖျားရှိ ဗုဒ္ဓစက်တော်ရာ တည်ရှိရာသို့ ကျောင်းသူကျောင်းသားဟောင်းများက ဘုရားဖူးခရီးစဉ် ပို့ဆောင်ပေးခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ ကျောင်းသူကျောင်းသားဟောင်းများ၏ စည်းလုံးမှုဖြင့် ပထမအကြိမ်မြတ်ဆရာပူဇော်ပွဲကို အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့၍ များစွာဝမ်းမြောက်မိပါကြောင်း၊ နောင်နှစ်များတွင်လည်း ကျောင်းသူကျောင်းသားဟောင်းများ၏ စည်းလုံးမှုဖြင့် မြတ်ဆရာပူဇော်ပွဲကို နှစ်စဉ်မပြုလုပ်နိုင်သည့်တိုင်၊ နှစ်ခြား၍ဖြစ်စေ ပြုလုပ်နိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ မိမိမြို့ရွာ၏ မွန်မြတ်သော မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရာတွင် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြစေလိုပါကြောင်းတို့ကို မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ ကိုကျော်စွာထွန်းက ပြောကြားခဲ့သည်။ အဆိုပါ မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့်ဆရာ/ဆရာမများ (၃၄)ဦးအနက်မှ (၃၁)ဦးတို့က ကန်တော့ခံတက်ရောက်ခဲ့ကြပြီး ကျောင်းသူကျောင်းသားဟောင်းများ (၂၀၀) ခန့်တို့က တက်ရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)