ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့၌ စနစ်ကျလယ်ယာမြေ (၇၉.၈၈) ဧကဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ တောင်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး တပ်ကုန်းမြို့၌ စနစ်ကျလယ်ယာမြေ (၇၉.၈၈) ဧကဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ တောင်သူများနှင့်တွေ့ဆုံ



MNP - ဒီဇင်ဘာ ၁၇


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာအုပ်စုနှင့် ထန်းတောကြီးကျေးရွာအုပ်စု (၂)စုတွင် စနစ်ကျလယ်ယာမြေ (၇၉.၈၈)ဧက ဖော်ထုတ်ပြီး ဆောင်းရာသီနေကြာသီးနှံစိုက်ပျိုးမည့် အခြေအနေများနှင့် နွေစပါးဆက်လက်စိုက်ပျိုးမည့် အခြေအနေများအား တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။


ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လယ်ယာမြေများအတွက် ရေရရှိမှု၊ ရေပေးဝေမှုနှင့် ရေအသုံးချမှု အခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက ဂွေးပင်စံပြကျေးရွာအတွက် သမဝါယမကဏ္ဍမှ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက စနစ်ကျလယ်ယာမြေတွင် စိုက်ပျိုးမည့်သီးနှံများအတွက် စိုက်ပျိုးရေးနည်းပညာ၊ မျိုး၊ သွင်းအား စုများ ပံ့ပိုးပေးမည့်အခြေအနေများအားလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်သူရက သမဝါယမအသင်းများ ဖွဲ့စည်း၍ စိုက်ပျိုးရေးလုပ်ငန်းတွင် ကူညီပံ့ပိုးပေးမည့် အစီအစဉ်များနှင့် ထွက်ရှိလာသော သီးနှံများအား ဝယ်ယူကြိတ်ခွဲပေးမည့် အစီအစဉ်များ အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ငွေကျပ်သန်း(၇၀)နှင့် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ငွေကျပ်သန်း (၂၈၀.၅၄)သန်း၊ စုစုပေါင်း ငွေကျပ်သန်း (၃၅၀.၅၄) သန်းဖြင့် စနစ်ကျလယ်ယာမြေ (၇၉.၈၈)ဧကဖော်ထုတ် ဆောင်ရွက်နေပြီး အချိန်မီပြီးစီးရေး၊ နွေစပါးနှင့် ဆောင်းသီးနှံများအတွက် ရေရရှိရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးရေး၊ ထွက်ရှိလာသော စပါးနှင့်သီးနှံများအား သမဝါယမစနစ်ဖြင့် ပြန်လည် ဝယ်ယူ ကြိတ်ခွဲဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စနစ်ကျလယ်ယာမြေ ပတ်ဝန်းကျင်၌ တောင်သူများ အကျိုးရှိမည့် ပြည်လုံးချမ်းသာ ကြီးမြန်သစ်ပင်များ စမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာရှိ စိုက်ပျိုးစီးပွားအသိ ပညာပေးစင်တာ၌ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများနှင့်တွေ့ဆုံရာတွင် သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရွေးစုကျေးရွာတွင် သမဝါယမအသင်းဖွဲ့စည်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမစနစ်ဖြင့် နွေစပါး၊ မိုးစပါး များ ဝယ်ယူကြိတ်ခွဲပေးမည့် အစီအစဉ်များအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်းသီးနှံနှင့် ဆက်လက်စိုက်ပျိုးမည့် သီးနှံများအတွက် ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်အစိုးရ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် ရန်ပုံငွေများ ထုတ်ပေးပြီး ဆောင်းသီးနှံ ပဲတီစိမ်းနှင့်နွေစပါးစိုက်ပျိုးမည့်အခြေအနေများ၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် မှုအတွက် နိုင်ငံတော်အစိုးရကလည်းပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံများစိုက်ပျိုးကြရေးပြောကြားပြီး ကျေးရွာမှ တင်ပြသော ကျေးလက် ကုန်ထုတ်လမ်းများ ဆက်လက်ဖောက်လုပ်ပေးရေး၊ ကျေးရွာအဝင်လမ်းအား ကျောက်ချောလမ်းအဆင့်မှ ကွန်ကရစ်လမ်းအဆင့်ထိ တိုးမြှင့်ဖောက်လုပ်ပေးရေးနှင့် ကျေးရွာရှိ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ဝါးလက်မှုသင်တန်းပို့ချပေးရေးကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)