MNP - ဒီဇင်ဘာ ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ ဖွင့်လှစ်ခြင်းနှင့် မိသားစု စျေးရောင်းပွဲတော် ကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက တက္ကသိုလ် ပင်မဆောင်ရှေ့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး မိုးညှင်းတပ်နယ်မှူးနှင့်တကွ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ခရိုင်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ဘာသာရပ်ဆိုင်ရာ အသိပညာပေးပြခန်း များနှင့် မိသားစုစျေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ကျင်းပသော ဘာသာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ ပြသဆောင်ရွက်ရာ တွင် မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရပ်များကို တန်ဖိုးထားပြီး လေးစားအတုယူတတ်စေရန်နှင့် ဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ စုစုပေါင်း(၁၃)ခန်း ပါဝင်ကြောင်း သိရသည်။
ယင်းပြပွဲနှင့် စျေးရောင်းပွဲတော်ကို တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာ အထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment