MNP - ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မံပုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော မြစိမ်းရောင်(သမဝါယမ) ကျေးရွာစီမံကိန်း မတည်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ကျင်းပရာ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုင်းစီထွန်းက လုပ်ငန်းဆောင်ရွက်ရမည့် ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို အကျယ်တဝင့် ပြောကြားပြီး မံပုံကျေးရွာ စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် အားမာန်သစ် ကော်မတီအဖွဲ့နှင့် ကြံခင်းကျေးရွာ စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် ပိတောက်ရိပ်ကော်မတီအဖွဲ့တို့အား (၁) ရွာလျှင် ကျပ်သိန်း (၃၀၀) စီကို မြို့နယ်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌက ပေးအပ်ရာ ပိတောက်ရိပ်ကော်မတီ အမှုဆောင် ဒေါ်ခမ်းကျိမ်က လက်ခံရယူခြင်း၊ မြို့နယ်သ/မ ဦးစီးအရာရှိက ပေးအပ်ရာ အားမာန်သစ် ကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းမှ အသီးသီးလက်ခံရယူကြသည်။
ထို့နောက် မြို့နယ်သ/မဦးစီးဌာနမှ တောင်သူများ တစ်ဦးချင်းချေးငွေ ထုတ်ချေးမှုကို ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment