MNP ၊ ဒီဇင်ဘာ ၂၃
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၏ ကြယ်လေးများရဲ့အနာဂတ် တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲကို ၂၂-၁၂-၂၀၂၂ ရက်နေ့ ညက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(MICC II)၌ ကျင်းပရာ နိုင်ငံတော်အကြီးအကဲများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ရင်ခွင့်မဲ့ ရင်သွေးရတနာလေးများအတွက် အလှူငွေကျပ် သိန်း ၅၅၉ သိန်း ရရှိခဲ့ကြောင်း သိရသည်။
သီဆိုဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် လေထီးခုန်ဂုဏ်ပြုကြမည့် လေထီးခုန်စစ်သည်များနှင့် စစ်သမီးများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စာလုံးသရုပ်ဖော်ကြမည့် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ဖျော်ဖြေတင်ဆက်မှုမှာ ရင်ခွင်မဲ့ကလေးများအတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ရင်ခွင်မဲ့ကလေးများကို စာနာနားလည်စွာ ကူညီဖေးမသင့် ပါကြောင်း၊ ယနေ့တွင် အသက်လေးနှစ်မှ ၂၀ ကျော်အရွယ်အထိ ရင်ခွင်မဲ့ကလေးများက မြန်မာပြည် သိန်းတန်နှင့်အတူ ပါဝင်ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်လည်း ပါဝင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က ရတနာပုံ၊ အောင်စေ တည်စေ ညီစေ၊ လွတ်လပ်ရေးတေးသံ၊ ပြောင်းလဲ နေသောရွာကလေး၊ ယောသူ တို့ ရွာ + မဗေဒါသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်သည်။
ယင်းနောက် အလှူငွေပေးအပ်ပွဲကို ကျင်းပရာ ရင်ခွင်မဲ့ကလေးများအတွက် နွေးထွေးသော ကမ်းလက်များ ဖောင်ဒေးရှင်း၊ ရွှေသံလွင်မီဒီယာကုမ္ပဏီ လီမိတက်နှင့်စေတနာရှင် အလှူရှင်တစ်ဦးတို့က ငွေကျပ် သိန်း ၁၀၀ စီ၊ ဦးလှစိုးဦး - ဒေါ်သန်းသန်း (သာယာကြည်နူးဖွယ် ကျောက်မျက်ကုမ္ပဏီ လီမိတက်)က ငွေကျပ်သိန်း ၁၅၀၊ ဦးအောင်မျိုးဝင်း - ဒေါ်မေသူဇာ ဝင်း (May Thu 27 ) အိမ်ခြံမြေ ရောင်းဝယ်ရေးက ငွေကျပ် သိန်း ၃၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က စနေထောင့်မှာ ပန်းလှူမယ်၊ ရင်ခွင့်မဲ့ကလေး ၅၀ နှင့်အတူ ပူးပေါင်းတင်ဆက် သည့် ကြယ်စင်လေးများ၊ ရွှေသုန္ဒရီ၊ ချစ်စိတ်ငယ်ငယ်၊ နှင်းပွင့်သစ္စာ၊ Uncle ကတော့နိုးပါ စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေရာ တက်ရောက်လာကြသူများက ပျော်ရွှင်စွာ အားပေးကြည့်ရှုကြသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့နေကြသော ရင်သွေးရတနာလေးများ၊ ဘဝအခြေအနေ ချို့တဲ့နေရှာသော ကလေးသူငယ်များ များစွာရှိနေရာ ၎င်းတို့ကို စနစ်တကျပြုစုပျိုးထောင်၍ တန်ဖိုးရှိသော လူချွန်လူကောင်းများ ဖြစ်ပေါ်လာအောင် မေတ္တာဖြင့်ထုံမွမ်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
သို့အတွက် ယနေ့တွင် နိုင်ငံကျော်တေးသံရှင် မြန်မာပြည်သိန်းတန်က ရင်ခွင်မဲ့ကလေးများကို ကောင်းကင်တွင် တောက်ပမည့် ကြယ်ကလေးများအဖြစ် တင်စားကာ ကြယ်ကလေးများ၏ အနာဂတ်ဟု အမည်တပ်၍ ဖျော်ဖြေတင်ဆက်ခြင်းဖြစ်သည်။ ရင်ခွင်မဲ့ကလေးများအတွက် ယနေ့တွင် အလှူငွေကျပ် ၅၅၉ သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment