MNP - ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅ မျိုး ဆောင်းပဲပုတ်သီးနှံများကို ပိုမို၍စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏အဓိကစားသုံးသည့် ပဲပုတ်သီးနှံ အထွက်တိုးစေရေးအတွက်ရည်ရွယ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရေဆင်း−၁၅ မျိုးကို စပါးအပြီးသီးထပ်စိုက်ပျိုးသည့် စံပြစိုက်ခင်းများကို ဒေသခံတောင်သူများက ပိုမိုစိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များမှန်ကန်စေရန်၊ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာသုံးတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ မောက်မယ်မြို့နယ်က စိုက်ပျိုးရေးအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေဟာ(နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက မြေအောက်ရေ၊ ဆည်ရေ၊ နမ့်ယွမ်းချောင်းရေနဲ့ ဆောင်းသီးနှံများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ပဲပုတ်သီးနှံစိုက်ပျိုးဖို့အတွက် ထယ်ရေးထွန်ယက်ခြင်းလုပ်ငန်း များဆောင်ရွက်နေကြပါတယ်။ တောင်သူတွေကိုသတ်မှတ်လျာထားဧကပြည့်မှီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်တော်တို့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်”ဟု မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသက်နိုင်က ပြောကြားသည်။
စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment