ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံဖူးစားပြောင်း လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံဖူးစားပြောင်း လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး

 



MNP - ဒီဇင်ဘာ ၁၁


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲ ဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးရေးကို သတ်မှတ် လျာထားဧကကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၇၈၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး နိုဝင်ဘာလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ရာ ယခုလ (၈)ရက်နေ့အထိ မြေပြင်စိုက်ပျိုးပြီးစီးဧက ၁၈၂၀ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧက ပိုမိုကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။


"ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ဖူးစားပြောင်းသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတယ်။ ဖူးစားပြောင်းကိုတော့ နွေ ၊ မိုး ၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြတယ်။ ဖူးစားပြောင်းက နှစ်သီးစားဝင်ငွေရရှိတော့ တောင်သူတွေအများစု စိုက်ပျိုးကြတယ်ဗျ။ ကျွန်တော်တို့ ဒေသမှာစိုက်ပျိုးသည့် ဖူးစားပြောင်းမျိုးကတော့ ရိုးရိုးသံကြားပြောင်းနှင့် အရပ်ခေါ် ပန်ရွှေသံကြား ပြောင်းမျိုးများကို အများဆုံးစိုက်ပျိုးကြတယ်။ ဖူးစားပြောင်းသီးနှံ တစ်ဧက စိုက်ပျိုးမှုအတွက် အနည်းဆုံး ကုန်ကျစရိတ် ငွေကျပ် (၃)သိန်းဝန်းကျင်ခန့်  ကုန်ကျမှုရှိပါတယ်။ သီးနှံဝင်ငွေ အကျိုးအမြတ်အနေနဲ့က ဖူးစားပြောင်းတစ်ဖူးကို ငွေကျပ် ၂၀၀၊ ၂၅၀ နှုန်း ရောင်းချရပါက တစ်ဧက ငွေကျပ်(၁၀)သိန်းခန့် ရရှိနိုင်ပါတယ်" ပွင့်ဖြူမြို့နယ် အင်းနက်ကျေးရွာမှ ဖူးစားပြောင်း သီးနှံ စိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။


ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု၊ကျေးရွာပေါင်း(၂၀၅)ရွာရှိပြီး ဒေသခံပြည်သူများမှာ မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးသမျှ သီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)