အကြမ်းဖက်ဘေးအန္တရာယ်ကြားက အမျိုးသမီးသူရဲကောင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်ဘေးအန္တရာယ်ကြားက အမျိုးသမီးသူရဲကောင်းများ



အခု ကျွန်တော် ဖော်ပြသွားမယ့်အကြောင့်အရာကတော့ အကြမ်းဖက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့ခံစားခဲ့ရတဲ့ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက ဒေါ်မိုးသူဇာနဲ့ ဒေါ်မို့မို့ဝင်းတို့ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒေါ်မိုးသူဇာဟာ အမျိုးသား ဆုံးပါးပြီးကတည်းက သားသမီးများကို လူတန်းစေ့ နေနိုင်အောင် သူမရဲ့ ကာယအား၊ ဉာဏအားနဲ့ မိသားစုကို ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ကာပေါင်းကျကျေးရွာမှာ ဈေးဆိုင်တည်ပြီး မိမိရဲ့ရင်သွေးတွေကို လူတန်းစေ့နေနိုင်အောင် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကာလမှာ သူမရဲ့ ယုံကြည်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကျေးရွာမှာ မဲရုံးမှူးတာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်က  ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းလိုက်တဲ့ နောက်ပိုင်း NLD အစွန်းရောက်များရဲ့ ဆူပူအကြမ်းဖက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာ က နီပိန်းအုပ်စုဟာ ဆူပူဆန္ဒပြမှုတွေ လုပ်ဆောင်ရာကနေ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီအတွက် ဆောင်ရွက်ခဲ့ကြသူတွေကို ရန်မူလာကြပါတယ်။ ဒေါ်မိုးသူဇာ မိသားစုအပါအဝင် ဦးညွန့်ခိုင်၊ ဦးကျော်မျိုးသက်တို့ မိသားစုတွေကိုလည်း နီပိန်းအုပ်စုက ရန်ပြုစော်ကားမှုတွေ ပြုလုပ်လာကြပါတယ်။

ဒေါ်မိုးသူဇာအိမ်ကို နီပိန်းအစွန်းရောက် အုပ်စုက ဝိုင်းပြီး ဖျက်ဆီး ကလေးတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။ နီပိန်းအစွန်းရောက် အုပ်စုကို ထိုင်ရှစ်ခိုးတောင်းပန်ပြီး ကလေးတွေကို ရအောင် ခေါ်ထုတ်ခဲ့ရပါတယ်။

သူတို့ရဲ့ အပူကို ဘယ်သူကယ်နိုင်မလဲ။ တန့်ဆည်မြို့ပေါ်ကို တက်လာတော့လည်း ကူညီစောင့်ရှောက်မယ့်သူ မရှိပါဘူး။ ကူရာမဲ့ ဖြစ်နေတဲ့ အခြေအနေက ဆရာတော်ဦးဝါသဝ ထံ ဆက်သွယ်ပြီး ဆရာတော်ဦးဝါသဝကို ကူညီကယ်တင်ဖို့ မိသားစုရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကို လျှောက်ထားတင်ပြတဲ့အခါ ဆရာတော်ဦးဝါသဝက မဆိုင်းမတွ လာရောက်ကယ်တင်လို့ နီပိန်းအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားခြင်းဘေးကနေ လွတ်မြောက်ခဲ့ကြပါတယ်။

ဆရာတော်ကျောင်းကို ရောက်ရှိပြီး ၂ရက်အကြာမှာ နီပိန်းအကြမ်းဖက်အုပ်စုက ဒေါ်မိုးသူဇာရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။

မိမိရဲ့ ကာယအား၊ ဉာဏအားနဲ့ သားသမီးတွေရဲ့ ရှေ့ရေးအတွက် ကြိုးစားရုန်းကန်ခဲ့သမျှဟာ နီပိန်းအကြမ်းဖက်အုပ်စုရဲ့ ဖျက်ဆီးခြင်းကြောင့် ကုန်ပါပြီ။ အသက်မသေသေးရင် ပြန်ကြိုးစားလို့ရတယ်။ ဆရာတော် ဦးဝါသဝရဲ့ ကျောင်းမှာ ခိုလှုံနေရင်းက ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတဲ့အခါ ကျောင်းထားနိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ ဆရာတော်ဦးဝါသဝ ရဲ့ အကူအညီနဲ့ အမျိုးသားရေးဦးဆောင်ဆရာတော် ဦးဝီရသူ တည်ထောင်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီမှာ လာရောက် အပ်နှံထားခဲ့ပါတယ်။

နီပိန်းအကြမ်းဖက်အုပ်စုရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုဒဏ်ကို ခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက် အနေနဲ့ ရှိသမျှ ဥစ္စာပစ္စည်းတွေ နီပိန်းတွေ ဖျက်ဆီးလို့ ကုန်ပြီဆိုတဲ့အချိန်မှာ မပဋာမြေလူး ရူးသွပ်သွားနိုင်ပါတယ်။ သို့သော် ဒေါ်မိုးသူဇာဟာ ပျော့ညံ့တဲ့ အမျိုးသမီးတစ်ယောက်မဟုတ်ပါဘူး။ သားသမီးတွေရဲ့ ဇောကပ်နေတဲ့ မိခင်တစ်ယောက်အဖို့ မတ်မတ်ရပ်တည်နိုင်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ ဆရာတော်ကျောင်းမှာ ခိုလှုံနေရင်းက သားသမီးတွေရဲ့ ပညာရေးလမ်းမဆုံးရအောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

ဆရာတော်ရဲ့ ကျောင်းမှာ စတင်ခိုလှုံနေရစဉ်က ကာပေါင်းကျရွာသားအများစုဖြစ်ပြီးတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရောက်လာခဲ့ကြရပြီး အရမ်းကို ခက်ခဲတဲ့အချိန် ဖြစ်ပါတယ်။ ဆရာတော်က လက်လှမ်းမီသမျှ ဒကာ/ ဒကာမတွေဆီက အကူအညီတောင်း၊ အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်လာရသူတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ပါတယ်။ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း အစရှိတဲ့ ကာပေါင်းကျကျေးရွာက အဖွဲ့တွေကတော့ဖြင့် အစောဆုံးတိမ်းရှောင်လာကြသူတွေ ဖြစ်လို့ နောက်ပိုင်းမှာ ကျောင်းဝေယျာဝစ္စကို ဦးဆောင်လုပ်ကိုင်သူတွေ ဖြစ်လာပါတယ်။

နီပိန်း အစွန်းရောက်တွေ ရက်စက်ယုတ်မာလာလေ ဆရာတော်ကျောင်းမှာ အကြမ်းဖက်ဘေးရှောင်တွေ များလာလေပဲ ဖြစ်ပါတယ်။ ဆရာတော်ကလည်း အတိဒုက္ခရောက်နေလို့ တိမ်းရှောင်လာသူမှန်သမျှကို မငြင်းဆန်ပါဘူး။ ခိုလှုံနေထိုင်ခွင့် ပေးပါတယ်။ ခိုလှုံနေကြသူများရဲ့ စားဝတ်နေရေးအတွက်ကိုတော့ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း တို့က ကြပ်မက်စီစဉ်ပေးကြရပါတယ်။ ဆရာတော်ဦးဝါသဝ ရဲ့ ကျောင်းသာလျှင် အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် အတိဒုက္ခရောက်ရတဲ့ ပြည်သူတွေကို ခိုလှုံခွင့်ပေးထားတဲ့ တစ်ခုတည်းသော နေရာဖြစ်လာတဲ့အခါ တန့်ဆည်မြို့နယ်ကသာမက ကျွန်းလှ၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး ဘက်ကတွေပါ တိမ်းရှောင်ရောက်ရှိလာကြတာတွေ ရှိပါတယ်။ ဆရာတော် ဦးဝါသဝ ရဲ့ ကျောင်းကို ရောက်လာသူ မှန်သမျှဟာ အကြမ်းဖက်ဘေးအန္တရာယ် ကင်းဝေးတဲ့ လုံခြုံရာဌာန ဖြစ်လာခဲ့ပါတယ်။

ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်းတို့ ဟာ ကျောင်းဝေယျာဝစ္စအတွက်သာ ဦးဆောင်ရုံမျှမက ဆရာတော်အနေနဲ့ လှည့်လည်စည်းရုံး ဆွေးနွေးလျက်ရှိတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး၊ ပြည်သူ့စစ်ဖွဲ့စည်းရေး ဆွေးနွေးပွဲတွေမှာ သူတို့ကိုယ်တိုင် လိုက်ပါပြီး သူတို့ကိုယ်တိုင် အကြမ်းဖက်ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ သူတို့လို မကြုံတွေ့ရသေးတဲ့ နေရာတွေမှာ အကြမ်းဖက်ဘေးအန္တရာယ်တွေ ဖြစ်ပေါ်မလာအောင် ကြိုတင်ကာကွယ်ကြဖို့ အသိပေးဆွေးနွေးမှုတွေလည်း လုပ်ဆောင်လာကြပါတယ်။

ဒေါ်မိုးသူဇာရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်လို့ ပြောဆိုပြီးတဲ့အခါမှာ ဒေါ်မို့မို့ဝင်းရဲ့ မိသားစုအခြေအနေ အကျဉ်းချုပ်ကိုလည်း ဖော်ပြပေးလိုပါတယ်။ ဒေါ်မို့မို့ဝင်း ရဲ့ ခင်ပွန်း ဦးကျော်မျိုးသက် ဟာ ဒေါ်မိုးသူဇာတို့နဲ့အတူ ၂၀၂၀ ရွေးကောက်ပွဲမှာ USDP အောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သူဖြစ်လို့ နီပိန်းတွေက မဲလိမ်မဲခိုးမှုကြောင့် အာဏာလက်မဲ့ဖြစ်ပြီး ဆူပူအကြမ်းဖက်မှုတွေလုပ်လာတဲ့အချိန် ပစ်မှတ်ထားခြင်း ခံရတဲ့အထဲမှာ ဦးကျော်မျိုးသက်လည်း တစ်ဦးအပါအဝင် ဖြစ်လာပါတယ်။ ဦးကျော်မျိုးသက်၊ ဒေါ်မို့မို့ဝင်းတို့ဟာ နေအိမ်မှာ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ပြီး မွေးမြူရေးတစ်ဖက်နဲ့ ရပ်တည်ကြသူတွေ ဖြစ်ပါတယ်။ နီပိန်းတွေက အုပ်စုဖွဲ့ ရန်ပြုစော်ကားမှုတွေ လုပ်လာတဲ့အချိန်မှာ ကလေးငယ်တွေ ရှိတဲ့အတွက်ကြောင့် ဘေးလွတ်ရာ တန့်ဆည်မြို့ပေါ်ကို တိမ်းရှောင်နေခဲ့ကြပါတယ်။

အဲဒီလို တိမ်းရှောင်နေတဲ့အချိန်မှာ ကာပေါင်းကျကျေးရွာက ဦးစန္ဒိမာ ဆိုတဲ့ ဘုန်းကြီးက ဦးကျာ်မျိုးသက်ထံ ဖုန်းဆက်ပြီး သူတို့နီပိန်းတွေရဲ့ လှုပ်ရှားမှုသတင်းတွေ တပ်ကို မပြောဖို့၊ ရွာမှာ ပြန်နေဖို့၊ ရန်မရှာအောင် သူပြောပေးမယ့်အကြောင်း ဖုန်းဆက်ပြောဆိုလာပါတယ်။ ဘုန်းကြီးတစ်ပါးက ပြောဆိုခြင်းဖြစ်တဲ့အတွက် ဦးကျော်မျိုးသက် က ယုံကြည်ပြီး ရွာကို အခြေအနေပြန်ကြည့်မယ် ဆိုပြီး ပြန်သွားပါတယ်။ ဇနီးဖြစ်သူ ဒေါ်မို့မို့ဝင်း နဲ့ အမွှာသမီးလေး ၂ယောက်ကို မြို့ပေါ်မှာပဲ ထားခဲ့ပါတယ်။ 

ဦးကျော်မျိုးသက် အနေနဲ့ နီပိန်းဘုန်းကြီးရဲ့ လှည့်ဖြားမှုကို ယုံကြည်ပြီး သွားတဲ့ခရီးဟာ ပြန်လမ်းမရှိသော ခရီးဖြစ်ခဲ့ပါတယ်။ ဦးစန္ဒိမာရဲ့ ကျောင်းကို ရောက်တယ်ဆိုရင်ပဲ ဘုန်းကြီးရဲ့ ညီတွေလည်းပါတယ်၊ ရွာထဲက နီပိန်းကြီးတွေလည်း ပါတယ်။ ဦးကျော်မျိုးသက် ကို ဝိုင်းဝန်းထိုးကြိတ် နှိပ်စက်ပြီး ဘုန်းကြီးကျောင်းပေါ်မှာတင် ရက်ရက်စက်စက် သတ်လိုက်ကြ ပါတော့တယ်။

ခင်ပွန်းဖြစ်သူ ဦးကျော်မျိုးသက် မှာ အစွန်းရောက် နီပိန်းတွေရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် ဆုံးပါးသွားခဲ့ရပြီး ဒေါ်မို့မို့ဝင်းနဲ့ ၄နှစ်အရွယ် အမွှာသမီးလေး ၂ယောက် ဟာ ဆရာတော်ဦးဝါသဝ ရဲ့ ကူညီကယ်တင်မှုကြောင့် အကြမ်းဖက်ဘေးက လွတ်မြောက်ခဲ့ကြရပါတယ်။

NLD ပါတီရဲ့ ဂရင်းနစ်စံချိန်တင်လောက်တဲ့ မဲလိမ် မဲခိုးမှုကြီးကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ဦးဆောင်သူတွေရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုနဲ့ အတူ NLD ထောက်ခံသူတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုဒဏ်တွေကို အပြစ်မဲ့ ပြည်သူတွေမှာ အလူးအလဲခံခဲ့ရတယ်။ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာက ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း တို့ဟာ NLD အစွန်းရောက်တွေရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှု ဒဏ်တွေကို အစောဆုံး ကြုံတွေ့ခဲ့ကြရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ရပ်ရွာမှာတော့ဖြင့် ယနေ့အချိန်အထိ PDF အကြမ်းဖက်သမားတွေက လှုပ်ရှားနေကြဆဲဖြစ်လို့ နေရပ်ပြန် အခြေချဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆရာတော်ရဲ့ ကျောင်းမှာ ခိုလှုံရင်း ကျောင်းရဲ့ ဝေယျာဝစ္စတွေကို အကျိုးဆောင်ရင်း အကြမ်းဖက်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆရာတော်ရဲ့ ဦးဆောင်မှုနောက်မှာ မိန်းမသားများ ဖြစ်ပေမယ့် ရဲရဲဝံ့ဝံ့ လိုက်ပါဆောင်ရွက်နေကြတဲ့ အမျိုးသမီးများပဲ ဖြစ်ပါတယ်။

နိုင်ငံတော်မှာ ဥပဒေစိုးမိုးရေးအတွက် တပ်မတော်က ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်တယ်။ NLD ဦးဆောင်သူတွေက ဥပဒေမဲ့ အာဏာရယူလိုတယ်။ မဟုတ်မမှန် လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ကြတယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်ခဲ့တာက ပြည်ပသြဇာခံ NLD အစွန်းရောက်တွေသာ ဖြစ်ပြီး မြေဇာပင်ကတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့မှစပြီး NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်လို့ မရပါဘူး။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေသာ သမိုင်းမှာ ကဗျည်းထိုးပြီး ကျန်ရစ်နေမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)