ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသား နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက် ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသား နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်

MNP   -   ဒီဇင်ဘာ ၂၂

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနား တက်ရောက်လာကြသူ များက အလေးပြုကြသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ယနေ့သည် ကရင်တိုင်းရင်းသား လူမျိုးများ၏ (၈၄)ကြိမ်မြောက် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာများနှင့် ကြိုဆိုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ (၁၉၃၈) ခုနှစ်မှ စတင်၍ နှစ်စဉ်ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ကာ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် တရားဝင်ကျင်းပပြုလုပ် ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်းမှာ ကရင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်ကြပြီး တိုင်းရင်းသား လူမျိုးများအားလုံး၏ ဓလေ့ထုံးတမ်းများ တူညီမှုများမရှိ သော်လည်း မိသားစုစိတ်ဓာတ်ဖြင့် အတူတကွချစ်ကြည် ရင်းနှီးစွာ နေထိုင်လျက်ရှိကြောင်း၊ ကရင်တိုင်ရင်းသား ညီအစ်ကိုမောင်နှမများအားလုံး အနေဖြင့် မိမိတို့ရဲ့ စာပေ၊ ဘာသာ စကား၊ ရိုးရာဓလေ့ထုံးတမ်း၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပြီး အခြားသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် အတူ မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့သည်။     


ဆက်လက်၍ ကရင်တိုင်းရင်းသား ဘာသာသင်ဆရာမများက ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံနှင့် ကရင် အမျိုးသားအလံ၊ ဖားစည်၊ ကျွဲချိုတို့၏ အဓိပ္ပါယ်များကို ရှင်းလင်းဖတ်ကြားခဲ့ကြသည်။ ယင်းနောက် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ ဒုံးယိမ်းအဖွဲ့က “မိုးသောက်ကြယ်” အမည်ဖြင့် အလုပ်သမား၊ လယ်သမားများ လုပ်ငန်းခွင်ဝင်ရန် နှိုးဆော်သည့် သီချင်းဖြင့် လည်းကောင်း၊ ပဲခူးမြို့နယ်၊ ဘုရားသုံးဆူ ကျေးရွာ ဒုံးယိမ်းအဖွဲ့က “ထိန်းသိမ်းကာကွယ် အမျိုးသားရန်စွယ်” အမည်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာများ မညိုးနွမ်း မပျောက်ပျက်စေရေး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန် နှိုးဆော်သည့် သီချင်းဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာဒုံးယိမ်းအဖွဲ့က “စည်လုံးခြင်း သည်အင်အား” အမည်ဖြင့် ရရှိပြီးသော လွတ်လပ်ရေးနှင့် တိုင်းရင်းသားချစ်ကြည်ရင်းနှီးမှုအား အတူတကွ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် နေထိုင်သွားကြရန် နှိုးဆော်သည့် သီချင်းဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့နယ်၊ ဒုံးယိမ်း အဖွဲ့က “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” အမည်ဖြင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမွေအနှစ်များအား ထိန်းသိမ်း ကာကွယ်ရန် နှိုးဆော်သည့် သီချင်းဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဒုံးယိမ်းအဖွဲ့များ အား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ရာ၊ ညောင်လေးပင်ခရိုင် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကရင်တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)