ကလေးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများထံ မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများထံ မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်

 


MNP - ဒီဇင်ဘာ ၁၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများ၊ ဆောင်းနေကြာမျိုးစေ့ထုတ်နှင့် စံပြစိုက်တောင်သူများထံ ဓာတ်မြေဩဇာနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်ဝင်းထွန်းမှ မြေဩဇာ ထောက်ပံ့ပေးအပ်ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံတို့မှ တက်ရောက်လာသည့် တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးနည်းများ၊ နေကြာမျိုးစေ့ ထုတ်လုပ်နည်းများ၊ စိုက်ပျိုးမြေပြုပြင်သုံးစွဲနည်းများ၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲနည်းများနှင့် ရရှိလာမည့် ကောင်းကျိုးများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ မျိုးစေ့ထုတ် တောင်သူများထံ နေကြာမျိုးများနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ကလေးမြို့သည် အထက်မြန်မာပြည်တွင် ဆောင်းနေကြာ စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ယခုနှစ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရန်လျာထားချက် ၁၉၁၆၇၈ ဧကတွင် ဆောင်းနေကြာ စိုက်ပျိုးရန် ၄၈၃၇၈ ဧကလျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှဖိတ်ကြားထားသူများနှင့် မျိုးစေ့ထုတ်နှင့် စံပြစိုက်ပျိုးကြမည့် တောင်သူများ စုစုပေါင်း (၃၀)ဦး တို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)