ကရင်သက္ကရာဇ်၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်သက္ကရာဇ်၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကျင်းပ

 


MNP - ဒီဇင်ဘာ ၁၈


ပြည်နယ်အတွင်း ရွက်ပုန်းသီးလှေလှော်အားကစားသမားများပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္က ရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ကမ်းနားလမ်း၊ သံလွင်မြစ် အတွင်း၌ ကျင်းပသည်။


အဆိုပါ လှေလှော်ပြိုင်ပွဲကို ဘားအံမြို့နယ်အတွင်းရှိ တိုက်နယ် ၉ ခုမှ အမျိုးသားတက်(၂၀)လှော် နဂါးလှေ ပြိုင်ပွဲ ၉ သင်း၊ (၇)တက်လှော် ၉ သင်း၊ ၅ တက်လှော် ၉ သင်း၊ အမျိုးသမီး(၇)တက်လှော် ၈ သင်း၊ (၅)တက်လှော် ၈ သင်း စုစုပေါင်းအားကစားသမား ၃၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့် လှေလှော်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းဘောင်အတွင်း မှနေ၍ မိမိတို့ ကိုယ်စားပြုအသင်းများ အနိုင်ရရှိအောင် ရွက်ကုန်တက်ကုန် အားကြိုးမာန် တက်ကြိုးစားယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းမှာကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။


ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲအားစတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ အားကစားဝါသနာရှင် များက အမျိုးသားတက်(၂၀)နဂါး လှေလှော်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (၇)တက်လှော်နှင့် (၅)တက်လှော် ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။


ယနေ့ကျင်းပသည့် လှေလှော်ပြိုင်ပွဲကို ဒီဇင်ဘာ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတို့ကို ကျင်းပသွားမည်ဖြစ်ကာ ဆုရရှိသည့် လှေလှော်အသင်းများအား ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)