MNP - ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ အမှတ်(၈၈) စက်မှုလယ်ယာစခန်းတွင် တည်ဆောက်ထားသည့် တင်း (၄၀၀)ကျ အခြောက်ခံစက် (Dryer)ဖြင့် စပါးခြောက်ခံခြင်း သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်က အဆိုပါစခန်းဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးဇော်မြင့်က တောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် သဘာဝဘေးဒဏ်များနှင့် အချိန်အခါမဟုတ်မိုးရွာခြင်းတို့ကို နှစ်စဉ်ကြုံတွေ့ရလျှက်ရှိရာ ရိတ်သိမ်းပြီးစပါးများ အချိန်မှီအခြောက်ခံနိုင်အောင် ဌာနအနေဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ စပါးအခြောက်ခံစက်ကိုအသုံးပြုခြင်းဖြင့် အမှိုက်အမှုန်အမွှားကင်းစင်သည့် စံချိန်မှီ အရည်အသွေးကောင်းစပါးများရရှိကာ ကြိတ်ခွဲရာ၌လည်း အကျိုးအကြေကင်းစင်ပြီး အထွက်တိုးသည့် ဆန်များကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးရဲမြင့်က စပါးအခြောက်ခံစက် (Dryer) ၏ စက်မှုဘက်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူတို့က အခြောက်ခံစက် သရုပ်ပြလည်ပတ်နေမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါစပါးအခြောက်ခံစက်မှာ မွန်ပြည်နယ်အတွင်း ပထမဆုံး တည်ဆောက်ခဲ့သည့် စက်ဖြစ်ပြီး တစ်ကြိမ်အသုံးပြုလျှင် တင်းပေါင်း ၄၀၀ ဝင်ဆံ့ကာ စပါးအစိုဓာတ်အပေါ်မူတည်၍ အခြောက်ခံချိန် ၄ နာရီမှ ၈ နာရီခန့်အထိကြာမြင့်ကြောင်း၊ တောင်သူများအနေဖြင့် စပါးအခြောက်ခံလိုပါက ဌာနနှင့်ချိတ်ဆက်ကာ မည်သူမဆို လာရောက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment