အမျိုးသမီးများ အကြမ်းဖက်မှုမှကင်းဝေးစေရန်အတွက် (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများ အကြမ်းဖက်မှုမှကင်းဝေးစေရန်အတွက် (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနား ကျင်းပ



MNP - ဒီဇင်ဘာ   ၆


နေပြည်တော်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအကြမ်းဖက်မှုမှ ကင်းဝေးစေရန်အတွက် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence (GBV) အသိပညာပေးအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်ကလေးပြုစုရေးဌာနခန်းမ၌ ကျင်းပရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၏ ဇနီးဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီအတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်အမျိုးသမီးကော်မတီဝင်များ၊ မန္တလာရောင်စဉ်အသင်းမှ စာရေးဆရာမ ဒေါ်သက်သက်နွယ်၊ နေပြည်တော်တရားမျှတမှုစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုဝင်ဘာလ(၂၅)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်ပြီး ဒီဇင်ဘာလ (၁၀) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပါကြောင်း၊ နိုဝင်ဘာ(၂၅) ရက်နေ့ကနေ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ရေတွက်လိုက်ရင်(၁၆)ရက်ရှိပါကြောင်း၊ အဲဒီကာလကို ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်နေမှုအမျိုးမျိုးရပ်တန့်နိုင်ဖို့အတွက် “ဖဲကြိုးဖြူလေး”များတပ်ဆင်ကာ  (၁၆) ရက်တာလှုပ်ရှားမှုလို့ခေါ်တဲ့ လူထုအသိပညာပေးလှုပ်ရှားမှုတွေကို ပုံသဏ္ဍာန်ပေါင်းစုံနှင့် ကျင်းပလေ့ရှိကြပါကြောင်း၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်ရွယ်တွေကို အကြမ်းဖက်မှုအမျိုးမျိုးမှ ကာကွယ် စောင့်ရှောက်ပေးရန်မှာ အမျိုးသားများသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးတွင်လည်း တာဝန်ရှိသလို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်များနဲ့ ထိရောက်တဲ့ဥပဒေများလည်း လိုအပ်ပါကြောင်း၊ ကျား၊ မရေးရာခွဲခြားတဲ့အမြင်များကို ပြောင်းလဲစေဖို့တန်းတူညီမျှမှုကို အလေးပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများကို ပြင်ဆင်ပြဌာန်းခြင်းဟာ အရေးပါသလို အမျိုးသမီးများကိုတန်းတူညီမျှ အခွင့်အရေးမရရှိအောင် ကန့်သတ်ထားတဲ့ လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံအလေ့အကျင့်တွေကို ပြောင်းလဲအောင်လုပ်ဆောင်ဖို့ ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ဒက္ခိဏသီရိမူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက မင်္ဂလာပါသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ အမျိုးသားလွှတ်တော်မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက ယဉ်တစ်ကိုယ်မယ်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ နေပြည်တော်ကလေးပြုစုရေးဌာနမှ သားငယ်၊ သမီးငယ်လေးများက ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ၊ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ မန္တလာရောင်စဉ်အသင်းမှ စာရေးဆရာမ ဒေါ်သက်သက်နွယ်ကလည်းကောင်း၊ အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေများကို နေပြည်တော် တရားမျှတရေးစင်တာမှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးကလည်းကောင်း၊ အမျိုးသမီးများအကြမ်းဖက်မှုမှကင်းဝေးစေရန်အတွက် နေပြည်တော်အမျိုးသမီးကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများကို နေပြည်တော်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်ကလည်းကောင်း အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


သတင်း - ဟိန်းသူအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)