MNP - ဒီဇင်ဘာ ၂၄
ရွေးကောက်ပွဲဆိုင်ရာ PR စနစ်အကြောင်းနှင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ရခိုင်ပြည်နယ် အခြေခံလူဦးရေစာရင်း ထပ်နေသူများအား CROSS CHECK ပြုလုပ်ခြင်းအကြောင်းရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံဒေါ်နုမြဇံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်တာဝန်ခံဒေါ်နုမြဇံက ရွေးကောက်ပွဲကျင်းပရေးတာဝန်၊ ရွေးကောက်ပွဲကျင်းပရာတွင် ကျင့်သုံးမည့်စနစ်များ၊ ရခိုင်ပြည်နယ်တွင် PR စနစ်ပြောင်းလဲကျင့်သုံးပါက သိမှတ်ဖွယ်ရာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ၊ ဥပဒေပါမဲစာရင်းပြုစုခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ အခြေခံလူဦးရေစာရင်းများပြုစုခြင်း၊ စိစစ်သည့်လူဦးရေ၊ စိစစ်တွေ့ရှိရသည့် အကြိမ်ထပ်ဦးရေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှစ်ကြိမ်နှင့် အထက်နေမှုများတွေ့ရှိမှုအခြေအနေတို့ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးတို့နှင့်အတူ ခန်းမအတွင်း၌ ရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လူဦးရေစာရင်းများကို ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြားထပ်နေသူများ၊ နိုင်ကတ်မရှိသူ/မပြည့်စုံသူများ၊ အသက် ၁၈ နှစ်နှင့်အောက်ရှိသူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများ၊ မွေးရက်၊ မွေးလထပ်နေသူများ စသည်တို့ကို CROSS CHECK စစ်ဆေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment