ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (ဒုတိယ)အကြိမ်ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းခြင်းအောင်ပွဲအခမ်းအနားနှင့် ဆေးနှင့်ဆေးပစ္စည်းများ၊ လှူဖွယ်ဝတ္ထုများ လောင်းလှူပူ‌ဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (ဒုတိယ)အကြိမ်ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းခြင်းအောင်ပွဲအခမ်းအနားနှင့် ဆေးနှင့်ဆေးပစ္စည်းများ၊ လှူဖွယ်ဝတ္ထုများ လောင်းလှူပူ‌ဇော်ပွဲ ကျင်းပ




MNP  -  ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ)အကြိမ်ဆေးပဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းခြင်း အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဓမ္မဝတ်ရည်ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့မြို့မစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများလျှောက်ထားကာ သြဝါဒါစရိယဆရာတော်ကြီးများထံ သင်္ကန်းစသောလှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ‌ဉေယျဓမ္မာဘိဝံသမဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ  ရတနာသီရိကျောင်းဆရာတော်မှ သမ္မာဒေဝနတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုအောင်မြင်စွာ  ရုပ်သိမ်းခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် အပါး(၉၀)အား ဆေးနှင့်ဆေးပစ္စည်းများ၊ နဝကမ္မနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြပြီး ဆေးပဋ္ဌာန်းအောင်ပွဲအနေဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာထမင်း၊ ရေခဲမုန့်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။


အဆိုပါ ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုအား ပဲခူးတိုင်းဒေသကြီးနှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဘေးအန္တရာယ်ရန်အသွယ်သွယ်မှ မကပ်မရောက်ကင်းစင်လွင့်ပျောက်စေရန်နှင့် ဗုဒ္ဓသာသနာတော်ကြီး နေရောင်လရောင်ပမာဝင်းပထွန်းတောက် ကောင်းကျိုးရောက်စေရန်ရည်ရွယ်၍  ဇန်နဝါရီလ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ပဋ္ဌာနဘာဏကဆရာတော်များက အလှည့်ကျရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)