MNP - ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာများရှိ ကျောင်းသား လူငယ်လေးများ စာအုပ်၊ စာပေများကို အဆင်ပြေပြေ လေ့လာဖတ်ရှုနိုင်ရန် စာဖတ်ရှိမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွာသာယာ၊ နန်းတော်ကုန်း၊ မောင်းမကန်နှင့် ချောင်းဖြူကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျေးရွာများရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များသို့ ကွင်းဆင်း၍ စာအုပ်များ ငှါးရမ်းပေးခြင်းဖြင့် စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ကာ စာပေများထဲမှ အသိတရားများ ရရှိပြီး ဗဟုသုတများတိုးပွား၍ ဘက်စုံထူးချွန် ထက်မြက်သည့် အနာဂတ်၏ သားကောင်း၊ လူငယ် လူရွယ်ကလေးများ ဖြစ်ပေါ်လာစေရေးတို့အတွက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က ကျောင်းသား လူငယ်ကလေးများအား အသိပညာပေး ဟောပြောခြင်း၊ စာပေများထဲတွင် စိတ်ပါဝင်စားမှု ရှိလာစေရန် ပုံပြင်များ ပြောပြခြင်း၊ စာအုပ်များ ငှါးရမ်း၍ ဖတ်ရှုစေခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကွင်းဆင်း၍ ဆောင်ရွက်ခြင်းကို တစ်လလျှင် (၂) ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိရာ မင်းဘူးမြို့ပေါ် ကျောင်းများနှင့် ကျေးရွာများရှိ စာသင်ကျောင်းများကိုလည်း ကွင်းဆင်း၍ ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment