MNP - ဇန်နဝါရီ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၀၃.၄၂၅ ဒဿမ သန်း အကုန်အကျခံကာ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်အုပ်စု၊ ယန်းလုံ-ဝမ်ဖြတ်-ဟိုနားကျေးရွာချင်းဆက် မြေသားလမ်းတာချဲ့ခြင်းနှင့် ကျောက်ဗြုန်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် မြေသားလမ်း(၇/၃)မိုင်ပေါ်မှ (၃/၀)မိုင်အား မြေသားလမ်းတာချဲ့ခြင်း၊ ကျောက်ဗြုန်းခင်းခြင်းလုပ်ငန်းနှင့် Box Culvert ၆ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် စိန်လင်းကြည်ကုမ္ပဏီမှ ၂၀၂၂ခုနှစ် ဇွန်လတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးနိုင်ရန်အတွက် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး(ကျိုင်းတုံ)မှ ဒေသကြီးကြပ်ရေးမှူးနှင့်အဖွဲ့က ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများသည် ကျိုင်းတုံမြို့သို့ အချိန်တိုအတွင်း ကူးလူးသွားလာနိုင်မည်ဖြစ်ပြီး ဒေသအတွင်း ထွက်ကုန်များအား တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment