MNP - ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျောက်ပုံကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ပွင့်လင်းရာသီကာလများတွင် နှစ်စဉ်သောက်သုံးရေ အခက်ကြုံတွေ့နေရကြောင်းသိရ၍ ရာသီမရွေးသန့်ရှင်းသော သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တောပရဟိတအဖွဲ့က အလှူရှင်၏ ပံ့ပိုးကူညီမှုဖြင့် စက်ရေတွင်းတစ်တွင်း တူးဖော်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရေတွင်း တူးဖော်လှူဒါန်းနိုင်ရန်အတွက် အလှူရှင်မန္တလေးမြို့မှ အဘထွားနှင့်ဆွေမျိုးသားချင်းများက အလှူငွေကျပ်သိန်း(၂၀)မတည်လှူဒါန်းခဲ့ပြီး ကျေးရွာပြည်သူလူထု ထည့်ငွေကျပ် သိန်း(၄၀)၊ စုစုပေါင်းငွေကျပ်သိန်း(၆၀)ဖြင့် တူးဖော်ခြင်းဖြစ်ကာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအဖွဲ့ အကျိုးတော်ဆောင် ဦးကျော်ဆန်းကဦးဆောင်၍ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းကစပြီး လေးလက်မစက်ရေတွင်းအား တူးဖော်လှူဒါန်းပေးလျက်ရှိကြောင်းနှင့် ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရန်အတွက်(ခန့်မှန်း)အနက်ပေ ၅၀၀ ခန့် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရေတွင်းတူးဖော်ပြီးချိန်တွင် ကျေးရွာနေပြည်သူများ စနစ်တကျ သောက်သုံးရေခပ်ယူသုံးစွဲနိုင်ရေးအတွက် လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေဖြင့် ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန်တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအဖွဲ့အကျိုးတော်ဆောင် ဦးကျော်ဆန်းထံမှ သိရသည်။
စေတုတ္တရာမြို့နယ် ကျောက်ပုံကျေးရွာသည် အိမ်ခြေ ၁၅၈ အိမ်၊ လူဦးရေ ၈၀၀ နီးပါးခန့်နေထိုင်လျက်ရှိကာ နှစ်စဉ်သောက်သုံးရေအတွက် မြေသားမိုးရေလှောင်ကန်အား မှီခိုအားထားပြုနေရပြီး ပွင့်လင်းရာသီချိန်များ၌ မြေသားမိုးရေလှောင်ကန်မှာ ဆောလျင်စွာ ရေခန်းခြောက်မှုများဖြစ်ပေါ်နေ၍ သောက်သုံးရေရှားပါးမှု အခက်အခဲများကြုံတွေ့နေရကြောင်း၊ ပွင့်လင်းရာသီကာလတွင် သောက်သုံးရေအတွက် ကျေးရွာနှင့် တစ်မိုင်ခွဲခန့်ဝေးကွာသည့် ခဲပြစ်ကျေးရွာရှိ လက်ယက်တွင်းများသို့သွားရောက်၍ သောက်သုံးရေခပ်ယူသုံးစွဲရကြောင်းသိရကာ ဒေသခံပြည်သူများ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် သစ်ခုတ်ဝါးခုတ်လုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် စေတုတ္တရာမြို့နယ်ကျောက်ပုံကျေးရွာရှိ ဒေသခံပြည်သူများနှင့်တောင်ယာစိုက်ပျိုး ရေးလုပ်ငန်းအတွက် မွေးမြူထားသော ကျွဲ၊ နွားတိရစ္ဆာန်များအတွက် ရာသီမရွေးသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရန် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအဖွဲ့ အကျိုးတော်ဆောင် ဦးကျော်ဆန်းက ဦးဆောင်၍ အလှူရှင်နှင့် ကျေးရွာနေပြည်သူများစုပေါင်း၍ လေးလက်မစက်ရေတွင်းအား တူးဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကာ ယခုလက်ရှိတွင် မြေအောက်ရေကြော ရှာဖွေတွေ့ရှိထားပြီဖြစ်၍ မကြာမီအချိန်တွင် ဒေသခံကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာသုံးစွဲခွင့်ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment