မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက် ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက် ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


MNP ၊ ဇန်နဝါရီ  ၃၀

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဉက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသ နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဉက္ကဋ္ဌ  ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စေတနာရှင်၊ အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။


    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲ ဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင် တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက်  ကနဦးလုပ်ငန်းဖြစ်သည့် ပင့်ထောင်ခြင်း လုပ်ငန်းများကို သံမဏိမျှော်စင်ဝန်ချီစက် အသုံးပြု၍  ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်မှစတင် ပင့်ထောင်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆင်းတုတော်ကြီး လဲလျောင်းနေရာ ၀ ဒီဂရီမှ ၂၆ ဒီဂရီအထိ အမြင့်အားဖြင့် ၃၁ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ၂၆ ဒီဂရီမှ ၅၁ ဒီဂရီအထိ အမြင့်အားဖြင့် ၅၂ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင်  ၅၁ ဒီဂရီမှ ၆၈ ဒီဂရီအထိ အမြင့်အားဖြင့် ၆၃ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၉ ရက်နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ အမြင့်အားဖြင့် ၇၅ ဒသမ ၅ ပေအထိ  ပင့်ထောင်ပူဇော်ခဲ့ပြီး    ဆင်းတုတော် အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြာမြင့်ချိန် အားဖြင့် ၇၂ နာရီ ၅၀ မိနစ် ကြာမြင့်ခဲ့သည်။


    အထက်ပါ ပင့်ထောင်ပြီးစီးသည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ အစိတ်အပိုင်းကြီးအား ရတနာပုလ္လင်တော်ထက်သို့ ပင့်ဆောင်ရေး လုပ်ငန်းများကို ဇန်နဝါရီ ၂၉ ရက် ည ၁၁ နာရီ ၁၆ မိနစ်ခန့်တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် ရတနာပုလ္လင်တော်အနီး နေရာအထိ ပင့်ဆောင်နိုင်ခဲ့ပြီး စုစုပေါင်း ပင့်ဆောင်ခဲ့သည့် အကွာအဝေးမှာ ၈၁ ပေ ဖြစ်ကာ ကြာမြင့်ချိန် ၁၁ နာရီ ၁ မိနစ်ခန့်ကြာမြင့်ခဲ့သည်။


    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ထုဆစ်ပြီးစီးသည့် ဆင်းတုတော် အစိတ်အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင် နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဝန်ချီစက်(၈)လုံးပါ သံမဏိမျှော်စင် တည်ဆောက်ခြင်း၊ ဆင်းတုတော် ပင့်ဆောင်ရာတွင် ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှု မရှိစေရန် သံမဏိပန်းတောင်းတည်ဆောက်ခြင်းတို့ကို အချိန်အားဖြင့် (၇)လ ကြာပြီး သံထည်ပစ္စည်းတန်ချိန်အားဖြင့် ၃၈၀၀ တန် အသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့်ပူးပေါင်းကာ တပ်မတော်သား အင်ဂျင်နီယာများက တည်ဆောက်ခဲ့သည်။


    မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့် ပစ္စည်းကို  မတင်ရွှေ့ ပြောင်းဖူးသည့် နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တယားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့သည်။


    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲ ဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော် ထည့်သွင်း ထားသည့် သံမဏိရတနာပန်းတောင်းတော်တို့၏  အလေးချိန် ၂၃၆၇  ဒသမ ၅ တန် တို့အား သံမဏိမျှော်စင်တွင် ဝန်ချီစက် ၈ လုံးတို့ကပင့်ဆောင်ထားပြီး ဆင်းတု တော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေး လုပ်ငန်း စဉ်အလိုက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အများ ပြည်သူများ စိတ်နှလုံး အေးချမ်းစွာ လာရောက် ဖူးမြော်နိုင်စေရန်၊ တရား ဘာဝနာများ အေးချမ်းစွာ ပွားများအားထုတ်နိုင်စေရေးနှင့် မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တော် ပိဋကတ်သုံးပုံတို့အား လေ့လာဖူးမြော်ကြည်ညိုနိုင်စေရေးတို့ အတွက်   တည်ဆောက် ပူဇော်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)