၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲ၊ ပိတ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲ၊ ပိတ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ





MNP ၊ ဇန်နဝါရီ ၂၈

၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲ၊ ပိတ်ပွဲနှင့်ညစာစားပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Social Zone ၌ကျင်းပရာ  ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ဒေါက်တာဇော်မြင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များအနေဖြင့် ယခုရရှိထားသည့် အားကစားဆုတံဆိပ်များ၊ စံချိန်များအပေါ် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မိမိဒေသသို့ ပြန်ရောက်သည့်အခါ အားကစားတွင်သာမက စာပေပညာရပ်တွင်လည်း လစ်ဟင်းမှုမရှိရအောင်၊ ထူးချွန်ထက်မြက်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း၊ လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ယခုကျင်းပပေးသည့် အားကစားနည်းအပြင် ရေကူး၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် ဘတ်စကက်ဘောပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်၍ ကြိုတင်လေ့ကျင့်ထားရန် မှာကြားလိုပါကြောင်း၊ အားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ပံပိုးကူညီပေးသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှ စ်အခြေခံပညာကျောင်းသားအားကစားပွဲတော်ကိုလည်း ယခုထက် ပိုမိုပြည့်စုံကောင်းမွန် စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများအားလုံး ဝိုင်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ အားကစားအဖွဲ့ ခေါင်းဆောင်များအနေဖြင့် ကျောင်းသား ကျောင်းသူများ အိမ်အပြန်ခရီးတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ရောက်ရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုချီးမြှင့်ပေးအပ်သည့် ဆုငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများကို တစ်သင်းလျှင် ငွေကျပ်သိန်း ၅၀ စီ  ပေးအပ်သည်။


ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် က ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ဘောလီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် ဆုရရှိကြသည့်အသင်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ဘော်လီဘောပြိုင်ပွဲ(အမျိုးသား)တွင် ဆုရရှိကြသည့် အသင်းများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ဘောလုံးပြိုင်ပွဲ(အမျိုးသမီး)တွင် ဆုရရှိခဲ့ကြသည့် အသင်းများကိုလည်းကောင်း ဆုများချီးမြှင့်ကြသည်။


ထို့နောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က လက်ခံရယူသည်။


ဆက်လက်၍ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်အား ပိတ်သိမ်းပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တက်ရောက်လာသူများက ဂုဏ်ပြုညစာကို အတူတကွ ပျော်ရွှင်စွာသုံးဆောင်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)