MNP - ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ကမကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ ယခုကဲ့သို့အသိပညာပေးဟောပြောပွွဲများ လက်ခံကျင်းပခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ အဂတိလိုက်စားမှု မြောက်နိုင်သော ကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှု မြောက်နိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သော အကြောင်းအရာများကို ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး လာဘ်ပေး၊ လာဘ်ယူပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနှင့် ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့သည် အဂတိလိုက်စားမှု ပုံစံများဖြစ်ကြောင်း၊ အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဖြောင့်မတ်တည်ကြည်မှုရှိရန်နှင့် တာဝန်ယူတာဝန်ခံမှုရှိရန် လိုအပ်ကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိက အဟန့်အတားတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်အစီအနေဖြင့် နိုင်ငံတော်၏ တာဝန်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်နေစဉ်အတွင်း ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို အဟန့်အတားဖြစ်စေသော အဂတိလိုက်စားမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တွန်းလှန်တိုက်ဖျက်ရန်လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အသိပညာ ပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးအရေးယူခြင်းဟူသော နည်းလမ်းသုံးသွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနှင့် ဆောင်ရွက်၍ရသော ကိစ္စမျိုးမဟုတ်ဘဲ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာရှိသော တစ်ဦးတစ်ယောက်ခြင်းစီက စပြီး အဖွဲ့အစည်းများအထိပါ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ “အဂတိပယ်ခွာ ပြည်သာယာ” ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုပပျောက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် Video Clip အား ပြသပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဉပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန၊ နိုင်ငံတကာရေးရာ ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ရုံးခွဲ(မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးအောင်ထူးမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဉပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် ရှင်းလင်း ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment