သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (၆၁)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (၆၁)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၆၁)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်း တိုက်ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ ကြွရောက်တော် မူကြပြီးပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အလှူရှင်များ တက်ရောက်ကြ သည်။


အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။


ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က သမ္မောဒနီယဿရဏီယဩဝါဒ ကထာ ဖတ်ကြားပြီး ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ် စာမေးပွဲ အထူးအောင်သံဃာ တော်များ၊ သီလရှင်များနှင့် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်အထူးအောင် ပုဂ္ဂိုလ်များအား အောင်လက်မှတ် များ ဆက်ကပ်ကြသည်။


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့သီဟိုဠ် ပရိယတ္တိစာသင်တိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။


ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းပြီး ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများကစာအောင် သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့လက်မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။


ယနေ့ကျင်းပသည့် (၆၁)ကြိမ် မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားသို့ စာအောင်သံဃာတော် ၂၆၉ ပါး၊ သီလရှင်အပါး ၃၀ နှင့် လူပုဂ္ဂိုလ်ကိုးဦးတို့ကို ဘွဲ့လက်မှတ်များနှင့် အောင် လက်မှတ်များ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)