MNP - ဖေဖော်ဝါရီ ၂
၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်(က)အသင်းနှင့် ဘားအံတက္ကသိုလ်(ဂ)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံတက္ကသိုလ်(ဂ)အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲအား ပူးပေါင်းကူညီဆောင်ရွက်ပေးသော ဒိုင်အဖွဲ့နှင့်ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ညိုက ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆုရရှိသူအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး ဒေါ်ခင်သီတာကျော်နှင့် ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မာလာထွန်းတို့က ပထမ၊ ဒုတိယရရှိသော ဘားအံတက္ကသိုလ်(ဂ)အသင်းနှင့် (က)အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုများကိုလည်းကောင်း၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်ထက်နှင့် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးတို့က အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံးနောက်တန်းဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများ၊ ပူးတွဲတတိယဆုရရှိသောအသင်းများအား ဆုကလပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ဒုတိယဆုရရှိသော ဘားအံတက္ကသိုလ်(က)အသင်းအား ဆုကလပ်နှင့်ငွေသားဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံတက္ကသိုလ်(ဂ)အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment