စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်တွင် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်တွင် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး



MNP  -   ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာစီးပွားရေး တက္ကသိုလ်သို့ ရောက်ရှိရာ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူက သင်ကြားရေးလုပ်ငန်းများနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ပင်မရုံးအဆောက်အဦ၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်နှင့် စာသင်ဆောင် အဆောက် အဦများ တည်ဆောက်နေမှုအား အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်ဝစွာဖြင့် စံချိန်စံညွှန်းမီ ကောင်းမွန်စေရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးတို့အား မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် ပင်မရုံးအဆောက်အဦ - ၄၉၈၂၀ စတုရန်းပေ၊ RC ၂ ထပ်ဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ်သို့ ရောက်ရှိရာ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်က သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးလူမူရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ လုံလောက်မှုရှိစေရေး၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဆောင် အဆောက်အဦများအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအသိ၊ သတိတို့ဖြင့် သွားလာနေ ထိုင်ရေးတို့အား မှာကြားကာ သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ သဲအင်းဂူ ကျောင်းတိုက်၊ ဆင်နှစ်ကောင် ကျောင်းတိုက်၊ တော်ဝင်ဘုံစံဘုန်းတော်ကြီးကျောင်းတိုက်၊ တိပိဋကာလင်္ကာရသာမဏေကျော် ကျောင်းတိုက်၊ လယ်တီတိုက်သစ်ကျောင်းတိုက်နှင့် ပညာရောင်ခြည်ကျောင်းတိုက်များတွင် သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များ စိတ်နှလုံးရွှင်လန်း ချမ်းမြေ့စွာဖြင့် ပရိယတ္တိ၊ ပရိပတ္တိ တရားများ ကျင့်ကြံအားထုတ်နိုင်ရန် ဆွမ်း၊ ကွမ်းအခက်အခဲ မရှိစေရေးအတွက် လှူဖွယ်ပစ္စည်းများနှင့် ၁ လစာအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးအား ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ သဲအင်းဂူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးရေဝရ ထံတော်မှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးအား ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရား နာယူကြည်ညိုခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ခြင်းများ ဆောင်ရွက်၍  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ယင်းနောက် ဆင်နှစ်ကောင်ကျောင်းတိုက်၊ တော်ဝင်ဘုံစံဘုန်းတော်ကြီးကျောင်းတိုက်၊ တိပိဋကာ လင်္ကာရ သာမဏေကျော် ကျောင်းတိုက်၊ လယ်တီတိုက်သစ်ကျောင်းတိုက်နှင့် ပညာ ရောင်ခြည်ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးအား ဆက်ကပ်လှူဒါန်းကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆပ်ကပ်လှူဒါန်းကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား  နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)