တည်ငြိမ်အေးချမ်းမှုနှင့်အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်း ရင်လေးဖွယ်ရာဖြစ်ကြောင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ငြိမ်အေးချမ်းမှုနှင့်အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်း ရင်လေးဖွယ်ရာဖြစ်ကြောင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် ပြောကြား



MNP ၊ ဖေဖော်ဝါရီ ၁၂

ယနေ့ ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်တွင်း/ပြည်ပစွက်ဖက်မှု ပယောဂအမျိုးမျိုးနှင့် သက်ဆိုင်သူများ၏ နိုင်ငံနှင့်ပြည်သူအကျိုးကို စဉ်းစားလုပ်ဆောင်ရန် လိုအပ်ချက်တို့ကြောင့် တည်ငြိမ်အေးချမ်းမှုနှင့်အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်း ရင်လေးဖွယ်ရာဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုက်သည်။

နိုင်ငံတော်ဝန်ကြီးချုပ်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝစ်လွှာတွင် -

ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးမှာ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အ၀ မခံစားခဲ့ကြရဘဲ ယနေ့တိုင် သဘောထားကွဲလွဲမှုများ၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိပါ သည်။ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ တစ်နိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နှင့် ငြိမ်းချမ်းရေး၏အရသာကို အပြည့်အဝခံစားနိုင်ရန် တိုင်းရင်းသားအားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း ကြရန်လိုပါသည်။


မိမိတို့နိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာ ယူရမည့် အချက်ဖြစ်ပါသည်။ မိမိ၏အယူအဆ၊ သဘောထားဆန္ဒများနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုမရှိပါ။ ထို့အတူ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ စိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အန္တရာယ်ကိုဖြစ်စေသဖြင့် မတူကွဲပြားမှု များကို သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးထားစဉ်းစားကြရန် တိုက်တွန်းမှာကြားလိုပါသည်။


မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်ကိုထိန်းသိမ်း တာဝန်ယူစဉ်ကတည်းကပင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်” ဆိုသည့်လုပ်ငန်းစဉ်ကို အောင်မြင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှတစ်ဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲပေးခဲ့ပါသည်။


ဆက်လက်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအပစ်အခတ်ရပ်စဲပေးထားပြီးဖြစ်ရာ နိုင်ငံနှင့်ပြည်သူအကျိုးကိုရှေးရှုပြီး တွေ့ဆုံဆွေးနွေးမှု များမှ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေး ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပဓာနကျသော ငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ပူးပေါင်းပါဝင် တည်ဆောက်ကြ ရမည်ဖြစ်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သော “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက် များနှင့်အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့်အတိုင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး လိုအပ်သည့်အခြေခံအချက်များ၊ အခြေအနေဖန်တီးမှုများကို ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ပါသည်။ သို့သော်လည်း ပြည်တွင်း/ပြည်ပစွက်ဖက်မှု ပယောဂအမျိုးမျိုးနှင့် သက်ဆိုင်သူများ၏ နိုင်ငံနှင့်ပြည်သူအကျိုးကို စဉ်းစားလုပ်ဆောင်ရန် လိုအပ်ချက်တို့ကြောင့် တည်ငြိမ်အေးချမ်းမှုနှင့်အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်း ရင်လေးဖွယ်ရာဖြစ်နေပါသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ပြည်သူများ အားလုံးက ရှေ့သို့ချီမည်ပန်းတိုင်ဆီ- Keep Moving Forward to Achieve Our Goal ဟူသည့်အတိုင်း မိမိတို့ မျှော်မှန်းသည့် ပန်းတိုင်သို့ရောက်ရှိစေရန် ပြည်သူများအားလုံးက ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။


#MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)